ဂျပန် မျက်မမြင်သင်္ဘောသား၏ ပစိဖိတ်သမုဒ္ဒရာ ခရီးရှည်ဖြတ်သန်းမှု အောင်မြင်စွာ ပြီးမြောက်

ဂျပန် မျက်မမြင်သင်္ဘောသား၏ ပစိဖိတ်သမုဒ္ဒရာ ခရီးရှည်ဖြတ်သန်းမှု အောင်မြင်စွာ ပြီးမြောက်

ဧပြီ ၂၁ ။     ။ မျက်မမြင် ဂျပန်သင်္ဘောသားတစ်ဦး ပစိဖိတ်သမုဒ္ဒရာထဲမှာ မရပ်မနား ခရီးရှည်ဖြတ်သန်းမှုကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်မှာပဲ ပြီးမြောက်အောင်မြင်သွားခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ယင်းအတွက်ကြောင့် ၎င်းဟာ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကို ရေယာဉ်တစ်စင်းနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့ ပထမဆုံးသော မျက်မမြင်လူသားတစ်ဦးအဖြစ်လည်း မှတ်တင်ဝင်သွားခဲ့ပါတယ်။

အမြင်အာရုံ ချို့ယွင်းနေသူ မစ်ဆူဟီရို အိုင်ဝါမိုတိုဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် မနက်ပိုင်းမှာပဲ ၎င်းရဲ့ ၁၂ မီတာအရှည်ရှိ ရွက်သင်္ဘောနဲ့အတူ ဖူကူရှီးမားက ဆိပ်ကမ်းတစ်ခုကို ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ၎င်းဟာဆိုရင် ပြီးခဲဲ့တဲ့ နှစ်လအကြာက ကယ်လီဖိုးနီးယားကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ဆန်ဒီယေဂိုမှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် အိုင်ဝါမိုတိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က အမေရိကန်က ဆန်ဒီယေဂိုမြို့ကနေ စတင် ထွက်ခွာရွက်လွှင့်လာခဲ့တာဖြစ်ပါတယ်။

၎င်းနဲ့အတူ အဖော်အဖြစ် ဒေါင်စမစ် အမည်ရ အမေရိကန် ရေကြောင်းလမ်းပြ တစ်ဦးလည်း လိုက်ပါလာခဲ့ပါတယ်။ စမစ်ကတော့ လမ်းခရီးတစ်လျှောက် လေကြောင်း ဦးတည်ရာ လိုမျိုး သတင်းအချက်အလက်တွေနဲ့ အိုင်ဝါမိုတိုကို ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ယခု ခရီးဟာ အိုင်ဝါမိုတိုအတွက် ဒုတိယမြောက် ကြိုးပမ်းမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြောက်နှစ်လောက်က ပထမတစ်ကြိမ် ကြိုးပမ်းစဉ်တုန်းကတော့ လမ်းမှာ ဝေလငါးတစ်ကောင်နဲ့ တိုက်မိပြီး လှေနစ်မြုပ်ခဲ့တဲ့အတွက် ခရီးစဉ် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

“ ခု ကိုယ့် မွေးရပ်မြေကို ပြန်ရောက်ပါပြီ၊ ကျေးဇူးတင်ပါတယ်”လို့ အိုင်ဝါမိုတိုက ပြောသွားပါတယ်။ ၎င်းကတော့ ပစိဖိတ်သမုဒ္ဒရာ ခရီးရှည် ကီလိုမီတာ ၁၄,၀၀၀ ဖြတ်သန်းမှုကို အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required