ဧပြီ ၂၁ ။ ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အစိုးရဝန်ကြီးဌာနတစ်ခုကို ဧပြီ ၂၀ ရက်မှာ စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အာဖဂန်အစိုးရနဲ့ တာလီဘန် ကိုယ်စားလှယ်တွေအကြား စီစဉ်ထားခဲ့တဲ့ အစည်းအဝေးတစ်ခု ဖျက်သိမ်းခဲ့ပြီး နှစ်ရက်အကြာမှာပဲ ခုလို တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် ယခု အကြမ်းဖက်တိုက်ခိုက်မှုမှာ မိမိတို့ တာဝန်မရှိကြောင်း တာလီဘန်တို့ဘက်က မဆိုင်းမတွထုတ်ပြန်လာခဲ့ပါတယ်။
အာဖဂန် နစ္စတန် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တိုက်ခိုက်ခံရမှုမှာတော့ ပေါက်ကွဲမှုတစ်ရပ်နဲ့အတူ အနည်းဆုံး ငါးနာရီကြာ ပစ်ခတ်မှုတစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာစရက် ရာဟီမီက ပြောသွားပါတယ်။
ယင်း တိုက်ခိုက်မှုဖြစ်စဉ်မှာ အရပ်သား လေးဦး၊ အာဖဂန် စစ်တပ် တပ်ဖွဲ့ဝင် သုံးဦး တို့ သေဆုံးပြီး တိုက်ခိုက်သူငါးဦးကိုလည်း သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။