အဓိကလိဂ် ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ ဆုဖလားတွေကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းရေးထိုး

အဓိကလိဂ် ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ ဆုဖလားတွေကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းရေးထိုး

ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ပြည်တွင်းဖလားကို မတူညီတဲ့ နိုင်ငံ ၃ နိုင်ငံမှာ ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

စနေနေ့က ဂျူဗင်တပ်စ်အသင်းဟာ အိမ်ကွင်းမှာ ဖီအိုရင်တီးနားအသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ကစားပြီး စီးရီးအေဖလားကို သိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် ရော်နယ်လ်ဒိုဟာလည်း ဥရောပရဲ့ အဓိကလိဂ်ကြီး ၃ ခုဖြစ်တဲ့ စီးရီးအေ၊ လာလီဂါနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် ဒါဟာ ဂျူဗင်ရဲ့ (၈)ကြိမ်ဆက် ဆကူဒတ်ဒိုဖလားဖြစ်ပြီး ပွဲကစားဖို့ လက်ကျန် ၅ ပွဲအလိုမှာ ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ဆုဖလားဆွတ်ခူးပြီးနောက် ရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းမှာ "၁၀၀၀%" ဆက်ရှိနေလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

"ကျနော်ရဲ့ ပထမဆုံးရာသီမှာ အီတလျံဖလားကို ဆွတ်ခူးရယူနိုင်ခဲ့လို ကျနော် တကယ် ပျော်ရွှင်ပါတယ်။"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

"ဟုတ်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ မကောင်းမွန်ခဲ့ပါဘူး။ ဒါပေမယ့် နောက်နှစ်တွေ ရှိပါတယ်။"

ပြီးခဲ့တဲ့ နွေရာသီက ရော်နယ်လ်ဒိုကို ရီးယဲလ်မက်ဒရစ်ကနေ ပေါင် ၉၉.၂ သန်း ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ လိဂ်ဖလားကို ၃၅ ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အိုးလေဒီလို့ လူသိများတဲ့ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ၄ ရက်လောက်က အေဂျက်စ်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် စီးရီးအေဖလားကို ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly