ယာဉ်စီးခ လက်မှတ် စျေးတင်ရောင်းချခဲ့သော အဝေးပြေးဂိတ်ကို အရေးယူရန် စီစဉ်နေ

ယာဉ်စီးခ လက်မှတ် စျေးတင်ရောင်းချခဲ့သော အဝေးပြေးဂိတ်ကို အရေးယူရန် စီစဉ်နေ

 မန္တလေး၊ ဧပြီ ၂၀ ။               ။ မန္တလေးမြို့၊ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဧပြီလ ၁၉ရက်နေ့က သတ်မှတ် ယာဉ်စီးခ နှုန်းထက် ပိုမိုရောင်းချခဲ့သည့် ဂိတ်ကို ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ(အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းကပြောသည်။

ယာဉ်လိုင်းအသင်းတစ်သင်း၏ ဂိတ်တစ်ခုမှ ဧပြီလ ၁၉ ရက်နေ့တွင် ရန်ကုန်သို့သွားမည့် ခရီးသည် များကို လက်မှတ်တစ်စောင် နှစ်သောင်းနှစ်ထောင်ကျပ်ဖြင့် ခရီသည် ၄၈ဦးအား ရောင်းချထားသည် ဟု သတင်းရရှိသည့်အတွက် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး)၊ ပို့/ဆက်ဦးစီးဌာန၊ ယာဉ်ရပ်နားစခန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီး ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးခဲ့ပြီး လက်မှတ်ရောင်းချသည့်ငွေများကို သိမ်းယူခဲ့ကာ ပုံမှန်ယာဉ်စီခနှုန်း ကျပ် ၁၂၅၀၀ ထက် ပိုငွေများကို ခရီးသည်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကာ်မတီ (အဝေးပြေး) နှင့်ပူးပေါင်းအဖွဲ့က ကားတစ်စီးအစားထိုး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်စီးခနှုန်းထားများ ပိုမိုမရောင်းချရန်အတွက် တရားဝင်ကြောင်းကြားစာများကို မန္တလေးတိုင်း ဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(အဝေးပြေး)မှ သင်္ကြန်ကာလမတိုင်မီကတည်းက  ဂိတ်အသီးသီးသို့ ပေးပို့ထားခဲ့ပြီး စောင့်ကြည့်မှုများ ပြုလုပ်ခဲ့စဉ် ယခုကဲ့သို့ ယာဉ်စီးခနှုန်းထားများ ပိုမို ရောင်းချနေသည် ကို တွေ့ရှိရခြင်းဖြစ်သည်။

ယာဉ်စီးခပိုမိုရောင်းချပါက ရောင်းချသည့်ဂိတ်ကို ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ဥပဒေ အရ ဒဏ်ငွေ ကျပ်တစ်သိန်းနှင့်ယာဉ်ကို ကျပ်ငါးသောင် ဒဏ်ရိုက်နိုင်ခဲ့သော်လည်း ယခုဖြစ်စဉ်ကိုမူ ထိရောက်စွာ အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် ယာဉ်စီးခ ပိုမိုရောင်း နေသည်ကို တွေ့ရှိပါက ယာဉ်ရပ်နားစခန်း တာဝန်ရှိသူများထံ တိုင်ကြားနိုင်ကြောင်းနှင့်ထိုသို့ တိုင်ကြားလာပါက ချက်ခြင်းအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း ၅ ခုရှိပြီး ယာဉ်အသင်းပေါင်း ၅ဝဝကျော်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required