ကာကွယ်ဆေးထိုးရမည်ကို အလုပ်ပိုတစ်ခုကဲ့သို့ ထင်လာကြသည်ဟု ကျန်းမာရေး ညွှန်မှူးပြော

ကာကွယ်ဆေးထိုးရမည်ကို အလုပ်ပိုတစ်ခုကဲ့သို့ ထင်လာကြသည်ဟု ကျန်းမာရေး ညွှန်မှူးပြော
 ဓာတ်ပုံ - UNICEF

ရန်ကုန်၊ ဧပြီလ ၂၀ ။      ။ မိဘများ၏ စိတ်ပူပင်မှုသည် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါများအစား ကာကွယ်ဆေး ထိုးရမည်ကို အလုပ်ပိုတစ်ခုကဲ့သို့ ထင်လာကြသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်က ပြောဆိုလိုက်သည်။

" မိဘတွေရဲ့ စိတ်ပူပန်မှုက ကြောက်စရာကောင်းတဲ့ ရောဂါတွေအစား ကာကွယ်ဆေးထိုးရတာ အလုပ်ပိုတစ်ခု လို ဖြစ်လာပြီး ကာကွယ်ဆေးထိုးပြီးလို့ ကလေးအီမှာ၊ ဖျားမှာကြောင့် အလုပ်ပျက်မှာ ကရိကထများတယ်လို့ ပြောလာကြတယ်။ ကာကွယ်ဆေးထိုးပြီးလို့ ကလေးအီမှာ၊ ဖျားမှာ အရင်ကတည်းကပါ။ ဒါပေမယ့် ရောဂါတွေ ကို ကြောက်စရာကောင်းနေတော့ သတိမမူနိုင်ခဲ့ကြဘူး။ ကာကွယ်ဆေးများဟာ ဘေးကင်းပြီး အစွမ်းထက်မှ သာ ကာကွယ်ဆေးအဖြစ်သုံးစွဲခွင့်ရှိတာဖြစ်ပါတယ်"ဟု ဒေါက်တာ စည်သူအောင်က ပြောသည်။

ဧပြီလ ၂ဝ ရက်၊ ရန်ကုန်မြို့၊ Mercure Yangon ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ကာကွယ်ဆေးထိုးရက် သတ္တပတ်အဖြစ်ကျင်းပမည့်အစီအစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည့်အတိုင်း  ဧပြီလ ၂၄ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကလေး ငယ်များကို ကာကွယ်ဆေး အခမဲ့ထိုးပေးသွားမည်ဖြစ်ပြီး ကလေးများ၏ ကျန်းမာရေးအတွက် မဖြစ်မနေ လာရောက်ထိုးနှံကြရန်လည်း တိုက်တွန်းထားသည်။

ကလေးငယ်များအား ကာကွယ်ဆေးထိုးပေးရာတွင် အဓိက စိန်ခေါ်မှုနှင့် အခက်အခဲ နှစ်ရပ်ရှိပြီး ပထမတစ်ခုမှာ နယ်မြေမငြိမ်းချမ်းသည့် နေရာများနှင့် ပထဝီအနေအထား၊ ဘာသာစကားအခက်အခဲများဖြစ်ကြောင်း အဆိုပါ နယ်မြေများမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။ ဒုတိယအချက်မှာ လူဦးရေထူထပ်ပြီး အထူးသဖြင့် ရွှေ့ပြောင်းလာသည့် လူအုပ်စုရှိသည့်နေရာများဖြစ်ကြောင်း သိရသည်။

 ၂ဝ၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကရင်ပြည်နယ် တို့တွင် ပြောင်းရွှေ့ဝင်ရောက်သည့် လူအုပ်စုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွက် လူဦးရေ ၉၃ ရာခိုင်နှုန်းပြောင်းရွှေ့ ဝင်ရောက်လာသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

" ဝေးလံခေါင်ဖျားတဲ့ နေရာ၊ နယ်မြေမငြိမ်းချမ်းတဲ့နေရာတွေက လူအုပ်ကလူတွေက အကြောင်းအမျိုးမျိုး ကြောင့် လူဦးရေထူထပ်တဲ့ နေရာကို ရွှေ့ပြောင်းလာကြရင် ရောဂါပိုးနဲ့ တန်းတွေ့ပြီး ကူးစက်ရောဂါ ရက် အနည်းငယ်အတွင်းမှာ ဖြစ်တော့တာပါပဲ။ ကျန်းမာရေးဝန်ထမ်းများဟာ ဒုတိယလူအုပ်စုကို ရောက်ရှိဖို့ ပိုမိုလို့ ခက်ခဲပါတယ်။ နည်းဗျူဟာမျိုးစုံနဲ့ ကာကွယ်ဆေးလွှမ်းခြုံမှုကောင်းအောင် ကြိုးစားပေမယ့် အကြောင်း အမျိုးမျိုးနဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ မိသားစုတွေက အာရုံစိုက်ခြင်းမရှိတဲ့အတွက် လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းလောက်က အလွန်နီးကပ်စွာရှိနေပေမယ့် လက်လှမ်းမမီဘူး"ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်က ပြောသည်။

၂ဝ၁၈ ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကာကွယ်ဆေးအမျိုးအစား ၁၁ မျိုးဖြင့် အသက် ၅ နှစ်အောက် ကလေးများကို ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန်နှင့် သေဆုံးမှုမရှိစေရန် ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် Rota virus vaccine နှင့် Human Papilloma virus vaccine နှစ်မျိုး ကိုပါ ထပ်ဖြည့်မည်ဖြစ်သည့်အတွက် ကာကွယ်ဆေး ၁၃ မျိုးဖြင့် ထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အခမဲ့ထိုးပေးနေသည့် ကာကွယ်ဆေး၏ တန်ဖိုးမှာ ကလေးတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာကုန်ကျပြီး နိုင်ငံတော်အစိုးရမှ ကလေးတစ်ဦးအတွက် ၇ ဒေါ်လာအကုန်ကျခံကာ ရည်မှန်းကလေး ၁ သန်းအတွက် အမေရိကန်ဒေါ်လာ ၇ သန်းကို နှစ်စဉ်နှစ်တိုင်း အကုန်ကျခံခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရမှ ကျခံသည့် တန်ဖိုးမှာ ကာကွယ်ဆေးတန်ဖိုး၏ ၂၆ ရာခိုင်နှုန်းရှိပြီး ကျန်သည့် ၇၄ ရာခိုင်နှုန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့်Gavi က ကျခံပေးလျက်ရှိကြောင်း သိရသည်။

" ၂၀၂၅ ခုနှစ် နောက်ပိုင်းမှာတော့ နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်းစလုံး ကျခံမှာဖြစ်ပါတယ်"ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly