ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ - (၅) နိဂုံးပိုင်း

By မျိုးသန့်(မဇ္စျိမ)
20 April 2019
ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ - (၅) နိဂုံးပိုင်း

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား၊အဲ့ဒီတော့ဒီကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး တော့မှ ကျောက်ကပ် ရောဂါ အကြောင်း သိကောင်းစရာ အပိုင်း(၅) နိဂုံးပိုင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ ဆရာဝန်ကတော့ ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်း ဖြစ်ပါတယ်

မေး။ ။ အဖေအမေမှာ ကျောက်ကပ်ပျက်စီးတယ်။ သားသမီးက အထူးဖြင့် သမီးပေါ့နော်၊ သမီးက လှူမယ်၊ သမီးက သူအိမ်ထောင်ပြုတဲ့အခါမှာ မိသားစု ရနိုင်ပါ့မလား။

ဖြေ။ ။ ပုံမှန်အားဖြင့်တော့ ရပါတယ်။ အဲ့ဒီတော့ သားသမီးတွေကနေ မိဘတွေကိုလှူတာတွေလည်း ကျွန်တော်တို့ အများကြီးတွေ့ပါတယ်။ အထူးသဖြင့်သမီးပေါ့နော်၊ သမီးက လှူတဲ့အခါကျတော့ စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ သူမလှူခင်မှာတော့ သူ့ရဲ့ ရောဂါတွေအားလုံးကောင်းတယ်၊ ကျန်းမာတယ် အထူးသဖြင့် ကိုယ်ဝန်ဆောင်နိုင်တဲ့ သက်တမ်းအတွင်းမှာရှိတဲ့ အမျိုးသမီးဆိုရင်လည်း ကျွန်တော်တို့ OG နဲ့ပါ ပြရပါတယ်။  ပြပြီးတော့ သူ့ဖက်က OG ဖက်ကလည်း ဒီအမျိုးသမီးဟာ ကောင်းတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က လက်ခံတယ်ပေါ့။ အဲ့ဒီတော့ လှူပြီးရင်လည်း သူက ကိုယ်ဝန်ဆောင်နိုင်တယ်၊ ကလေးလည်း မွေးတယ်၊ သူ့ရဲ့ သားဖွား မီးယပ်လမ်းကြောင်းက ဘာမှထိခိုက်မှု မရှိဘူး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဘက်ပိုင်းမှာတော့ ပြဿနာမရှိပါဘူး။

ပထမဆုံးခွဲလိုက်တဲ့ လူနာတွေ ဆိုလို့ရှိရင်တော့ ၉၅ မတ်လက ခွဲတာပေါ့ ၊ အခုဆို ၂၄ နှစ်တောင်ကျော်သွားပြီ အဲ့ဒီတော့ ရက် ၂၀ ကျော်လောက်ရှိတဲ့ လူနာတွေလည်း ရှိပါတယ် အဲ့ဒါကတော့ အခုထိရှိနေသေးတဲ့လူနာတွေပေါ့။

ကျွန်တော်တို့ အခုလောလောဆယ်မှာတော့ ပုဂ္ဂလိက ဆေးရုံအနေနဲ့ တစ်ခုမှာတော့ ၂၀၁၄ ခုနှစ်ကတည်းက စပြီးတော့ ကျောက်ကပ်အစားထိုးလုပ်ပါတယ်၊ အခုထိလည်း အဲ့ဒီပုဂ္ဂလိက ဆေးရုံမှာလုပ်နေပါတယ်၊ သတ်မှတ်ချက်ကတော့ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ မူအတိုင်းပါပဲ၊ ကျွန်တော်တို့ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ လုပ်မယ့်လူနာတွေရဲ့ အခြေအနေကိုလည်း ကျွန်တော်တို့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကျွန်တော်တို့ တင်ပြရပါတယ်။ တင်ပြပြီး သူတို့ဆီက ခွင့်ပြုချက် အတည်ပြုချက်ပေါ့နော်၊ ရယူပြီးမှပဲ ကျွန်တော်တို့ လုပ်ပါတယ်။ အဲ့ဒီတော့ ဆွေမျိုးအရင်းအချာ စောစောကပြောတဲ့ ဥပဒေအရပေါ့လေ အဲ့ဒီတိုင်းကိုပဲ ကျွန်တော်တို့ကတော့ လက်တွေ့မှာလည်း ကျင့်သုံးနေပါတယ်။

မေး။ ။ ကျောက်ကပ်ရောဂါမဖြစ်ဖို့ပေါ့လေ ကာကွယ်တဲ့အနေနဲ့ ကျောက်ကပ်ကို ကြိုပြီးတော့ ဆေးထားသင့်သလား။

ဖြေ။ ။ ပုံမှန်အနေနဲ့တော့ ကျွန်တော်တို့က သဘောမတူဘူးပေါ၊့ ဘာလို့လည်းဆိုတော့ ကျောက်ကပ်ဆေးတယ်ဆိုတာလည်း သူ့မှာ ထိုက်သင့်တဲ့ ပြဿနာတွေတော့ ရှိနိုင်တယ်ပေါ့နော်။ ငွေကြေးကုန်ကျမှုတစ်ခုတည်းမဟုတ်ဘူးပေါ့၊ အဲ့ဒီတော့ ကျွန်တော်တို့က သဘောက ဥပမာအားဖြင့် ကျောက်ကပ်တော့ ပျက်စီးနေပြီပေါ့လေ၊ ဘယ်အချိန်မှာဆေးမလဲဆိုတာ ကျွန်တော်တို့ သတ်မှတ်ချက်တွေ အကြမ်းဖျဉ်းရှိပါတယ်၊ ဥပမာအားဖြင့် သွေးဖြူဥတွေ ဘယ်လောက်လောက်ထိ စတက်လာပြီဆိုရင်တော့ သို့မဟုတ်လို့ရှိရင် သူ့ရဲ့ ရောဂါလက္ခဏာတွေကတော့ ဘာတွေဖြစ်လာပြီ ဆိုရင်တော့ ကျွန်တော်တို့က ဆေးသင့်ပြီဆိုတာပေါ့။ အဲ့ဒီတော့ အဲ့ဒီမတိုင်ခင်မှာ ကြိုဆေးရင်ရော မရဘူးလားဆိုတော့ ရတော့ရတယ်၊ ဒါပေမယ့် ထုံးစံကတော့ နိုင်ငံတကာမှာလည်း မဆေးကြဘူး ပေါ့လေ။ ဘာလို့ဆို ဆေးလိုက်တဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့ ကျောက်ကပ်ဆေးတာရဲ့ အခြေခံမူလက ဘာလဲဆိုတော့ ခန္ဓာကိုယ်ထဲက ပျက်နေတဲ့သွေးတွေကို ကျွန်တော်တို့က ထုတ်လိုက်တယ်၊ ပိုက်နဲ့ပေါ့နော် ။ ပြီးရင် စက်ထဲကို ဖြတ်တယ်၊ စက်မှာ သွေးကြောသန့်စင်လိုက်တယ်၊ ပြီးရင် ခန္ဓာကိုယ်ထဲက ဒီသွေးလေးကို ပြန်ထည့်ပေးလိုက်တယ်၊ အဲ့ဒီလို အသွင်း အထုတ်လုပ်တာကို အကြိမ်ပေါင်းများစွာ လေးနာရီလောက် ကျွန်တော်တို့လုပ်တာပေါ့၊ အဲ့ဒီတော့ အဲ့ဒီလို လုပ်လိုက်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲက သွေးကို ထုတ်လိုက်တဲ့အတွက်ကြောင့် သူက တစ်ခါတစ်လေ အခန့်မသင့်ရင် သွေးပေါင်ပြုတ်ကျတာတို့ သွေးခုန်နှုန်း မမှန်တာတို့ ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့က ဒီသွေးကို မခဲအောင်အတွက် သွေးကြဲဆေး တွေ သုံးရတဲ့အတွက်ကြောင့် သွေးပျက်သွားတာတွေ သွေးယိုစီးတာတွေ လမ်းကြောင်းမှာ သွေးတွေ ပိတ်သွားတာတွေ ဒါမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အခန့်မသင့်လို့ ဒီလမ်းကြောင်းကနေ ပိုးတွေဝင် တာလည်း ဖြစ်နိုင်တယ်ပေါ့။ ဒါတွေအားလုံးက မလိုအပ်ဘဲနဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တဲ့အတွက် ကြောင့် ကျွန်တော်တို့ကတော့ မလိုအပ်ရင် လုံးဝမလုပ်ပါဘူး။

မေး။ ။ ကျောက်ကပ်ဆိုတာကလည်း တော်တော်တော့ မလွယ်ဘူးပေါ့နော်။ အဲ့ဒီတော့ ကြိုတင်ကာကွယ်ဖို့ရော တစ်ခြားနည်းလမ်းတွေ ဘာများရှိပါသလဲခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ အားပေးနေတာတော့ လူနာတွေကို နံပါတ် (၁)က ဆီးချို သွေးတိုးပေါ့၊ ခုနက ကျွန်တော်ပြောသလိုပေါ၊့ အဖြစ်များတဲ့ဟာတွေကို ကျွန်တော်တို့က ကိုယ်က ဖြစ်နေမှန်းမသိဘဲနဲ့ နောက်ကျမှသိရတာမျိုးတွေ မဖြစ်အောင်ဆိုရင် ကျွန်တော်တို့ သွေးပေါင်ချိန်တိုင်းတာကို မကြာ မကြာပေါ့လေ လုပ်ဖို့လိုပါတယ်။ နောက် သွေးချိုရှိမရှိပေါ့ အထူးသဖြင့် ဆွေမျိုးသားချင်းထဲမှာ ရှိတယ်ဆိုရင် ဒီလိုလူမျိုးတွေက ပိုပြီးတော့ သတိထားရတယ်။ တစ်ချို့ဆို အချိုကြိုက်ကြတယ်ပေါ့ နော်၊  ဆိုတော့ အဲ့ဒီမှာ ဒါလေးတွေလည်း အခါအားလျော်စွာပေါ့၊ ကျွန်တော်တို့က ဒါလေးကတော့ လက်ထိပ်သွေးဖောက်ပြီးတော့ စစ်ကြည့်ရင်ကို သွေးချိုရှိမရှိ သိနိုင်ပါတယ်ပေါ့နော် ၊ တတိယ အချက်ကတော့ ကျွန်တော်တို့ ဆီးထဲမှာ အနယ်ပေါ၊့ ရိုးရိုးမျက်စိနဲ့ ကြည့်လို့ မမြင်ပေမယ့်လို့ ကျွန်တော်တို့က အဲ့ဒါကို စစ်လို့ရပါတယ်၊ ဘာမှလည်း မခက်ပါဘူး ဘယ်လောက်မှလည်း မကုန်ကျဘူး ဆိုတော့ အဲ့ဒါလေးတွေ ဆီးလေးတစ်ချက်ခံပြီးတော့ ထည့်ပြီး ဆီးစစ်တဲ့ အပြားလေးနဲ့ ညှပ်လိုက်ရင်ကို ဆီးထဲမှာ အနယ်ရှိမရှိ သိပါတယ်။ ဒါလေးတွေက လွယ်လင့်တကူ ကျွန်တော်တို့က လုပ်နိုင်တဲ့ဟာလေးတွေပေါ့နော်။ ဒါမှ မဟုတ်လို့ရှိရင်တော့ ကိုယ်က ခြောက်လတစ်ခါ တစ်နှစ်တစ်ခါ လောက် သက်ဆိုင်ရာ ဆရာဝန်ဆီမှာ သွားပြီးတော့ ဆီးစစ်တဲ့အခါမှာလည်း ကျောက်ကပ်နဲ့ ပတ်သက်တဲ့ စမ်းစစ်မှုတွေ လိုအပ်ရင် လိုအပ်သလိုပေါ့ ၊ ဒါတွေဟာ စစ်မယ်ဆို စစ်သင့်တယ်ပေါ့။

မေး။ ။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ဥပမာပေါ့နော် အသည်းဆိုရင် အရက်ပေါ့နော် ၊ ရှောင်ရတဲ့အထဲမှာ အဆုပ် ဆိုလို့ရှိရင် ဆေးလိပ်ပေါ့နော်။ ဒါတွေရှောင်ရမယ်ဆိုတော့ ကျောက်ကပ်ဆိုရင်ရော ဘာအဓိကထား ရှောင်ရမလဲ။

ဖြေ။ ။ ဆား ပေါ့။ ကျွန်တော်တို့ မြန်မာပြည်အစားအစာတော်တော်များများက ဆားငန်ပါတယ်၊ ငန်တဲ့အခါကျတော့ ကျွန်တော်တို့က သွေးတိုးလည်း ဒီဆားကြောင့်ဆိုတာပဲ ဆိုတော့ ၊ ရေနဲ့ ပတ်သက်ရင်လည်း ဆားဝင်သွားတာနဲ့အမျှ ရေပါလိုက်ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျောက်ကပ်သမားတွေအတွက် အန္တရာယ်တော့ တော်တော်လေးပေးတယ်။ အဓိကကတော့ ဆား ပေါ့နော်။

မေး။ ။ ဆီးကနည်းတယ်ပေါ့လေ၊ နောက်ပြီးတော့ ကျွန်တော့်အဖွားဆိုရင် ကျောက်ကပ်ဖြစ်တယ်၊ အနောက်က ဘေးက နာတယ်၊ နောက်ထပ်တစ်ယောက်မေးထားတာက ခါးနာတယ်ပေါ့လေ ဒါဟာ ကျောက်ကပ်နဲ့ ဆက်စပ်သလားဆိုတာကို ဖြေပေးပါဆရာ။

ဖြေ။ ။ ခါးနာတဲ့အကြောင်းတွေတော့ အများကြီးရှိတယ်ဆိုပေမယ့် ကျောက်ကပ်ကြောင့်လည်း ဖြစ်နိုင်တယ်ပေါ့နော်၊ အဲ့ဒါကတော့ အကောင်းဆုံးကတော့ ကျွန်တော်တို့ ultra sound လို့ခေါ်တဲ့ တီဗီဓာတ်မှန်ပေါ့၊ ဒါလေးနဲ့ ကြည့်လိုက်ရင်တော့ သူ့ရဲ့ အနေအထားလေးကို သိနိုင်ပါတယ်။

မေး။ ။ ဆီးနဲ့ ကျောက်ကပ်ပဲဖြစ်ဖြစ်ပေါ့နော် ဆီးလမ်းကြောင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ပေါ့ ကျွန်တော်တို့ မဇ္ဈိမပရိသတ်တွေကို ဖြည့်ပြောချင်တာရှိရင် သတိပေးချင်တာရှိရင် ပြောပါခင်ဗျား။

ဖြေ။ ။ စောစောကလည်း တော်တော်လေးတော့ ပြောသွားပါပြီ။ အဓိက အပိုင်းလေးကတော့ ကျွန်တော်တို့ အခုခေတ်မှာတော့ မြန်မာပြည်မှာလည်း လူတွေက ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာတွေတော့ အရင်ထက်စာရင် ပိုသိမြင် နိုးကြားလာတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါလေးတွေ ကိုလည်း ကျွန်တော်တို့ ဖက်က တိုက်တွန်းလိုတာကတော့ ပုံမှန်လေး ကိုယ့်ကိုယ်ကိုလည်းဆန်းစစ်ပါ၊ နောက် အခါအားလျှော်စွာ ကျန်းမာရေးဝန်ကြီးဌာနကထုတ်တဲ့ လမ်းညွန်ချက်တွေပေါ့နော် ဒါလေးတွေ လည်း လိုက်နာပါ။ ကျောက်ကပ်နဲ့ ပတ်သက်လာရင်လည်း လိုအပ်ရင် လိုအပ်သလိုပေါ့၊ ဒါလေးတွေ ဆန်းစစ်ပြီးတော့ အမြဲတမ်းသတိထားနေဖို့ ဒါလေးကိုပဲ ကျွန်တော် မှာကြားချင်ပါတယ်။

မျိုးသန့် ။   ။ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးပါတယ်ဆရာ။ မဇ္ဈိမပရိသတ်များလည်း ကျေးဇူးတင်ပါတယ်။ Mr. Ravindra Jain  ကနေပြီးတော့ နောက်ဆုံးနှုတ်ဆက်စကားလေး ပြောပေးပါဦး။

Mr. Ravindra Jain ။   ။   အရင်တုန်းကပေါ့လေ  မြန်မာနိုင်ငံတော် အစိုးရကနေပြီးတော့မှ အစိုးရဆေးရုံ သုံးရုံမှာ ကျောက်ကပ် လဲလှယ်တာကိုတော့ လုပ်ပေးခဲ့တယ်ပေါ့နော်။ အခုဆိုရင် ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ကျောက်ကပ်လဲလှယ်မှုကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ သတင်းကောင်းပေါ့။ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့မှာ အားလုံးပဲ ကျန်းကျန်းမာမာနေနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိတယ် ဆိုလို့ရှိရင်လည်း ဆရာကြီး ဦးခင်မောင်မောင်သန်းနဲ့ တွေ့ချင်တယ်ဆိုလို့ရှိရင်လည်း အကူညီပေးနိုင်ပါတယ်၊ 4R Consultancy Co. Ltd  အနေနဲ့ ကူညီပေးနိုင်ပါတယ်။ အဲ့ဒီတော့ 4R Cosultancy Co. Ltd  က ဆူးလေဘုရား နားမှာရှိပါတယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉လမ်း၊ အောက်ဘလောက်မှာ ရုံးကဖွင့်ထားတယ်ပေါ့နော်။ ရုံးခန်းကိုဆက်သွယ်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုတွေ လိုချင်တယ်ဆိုလို့ရှိရင် 0997711 7140 ကို ဆက်သွယ်နိုင်ပါတယ်။ အဲ့ဒီတော့ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့မှာ အားလုံးပဲ ကျန်းကျန်းမာမာနေနိုင်ကြပါစေ။    ။

 ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း( ၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55912

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း( ၂ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55981

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း( ၃ )အပြည့်အစုံ - http://www.mizzimaburmese.com/article/56038

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၄ )အပြည့်အစုံ - http://www.mizzimaburmese.com/article/56091
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly