နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်းလေးတွေကို ဘယ်လိုကုစားမလဲ

နေလောင်ဒဏ်ခံထားရတဲ့ နှုတ်ခမ်းလေးတွေကို ဘယ်လိုကုစားမလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ ပြဿနာက မကြာခဏဆိုသလို တွေ့ရမြင်ရ၊ ကြားနေရပါတယ်။ ကမ်းခြေသွားပြီး ပြန်လာလို့ အသားတွေ မည်းလာတယ်၊ သင်္ကြန်မှာ ရေကစားပြီးလို့ အသားတွေ ပပ်ပြီး ပျက်စီးသွားတယ်၊ နေပူထဲ အကာအကွယ်မပါဘဲ ထွက်ပြီး ပြန်လာတော့ အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ်၊ အစရှိသဖြင့် ပြဿနာကတော့ အစုံပါပဲ။ ဒီလိုနေလောင်တဲ့ အထဲမှာ နှုတ်ခမ်းကတော့ ဘေးကင်းမယ်ထင်ရင် မှားသွားပါလိမ့်မယ်။ မျက်နှာအရေပြားလိုပဲ တော်တော်လေး နူးညံ့ပြီး ထိခိုက်ပျက်စီးလွယ်တာကြောင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို အလွယ်တကူ ခံရနိုင်တဲ့အထဲမှာ နှုတ်ခမ်းလည်း ပါပါတယ်။
နှုတ်ခမ်းက နေလောင်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

အသားအရေမှာ နေလောင်ရင် တွေ့ရတဲ့ လက္ခဏာတွေလိုပါပဲ။ နှုတ်ခမ်းက ပုံမှန်ထက်ပိုပြီး နီရဲနေတာ၊ ဖူးရောင်နေသလို၊ ထိမိလိုက်ရင် ပျော့အိအိလေးနဲ့ စပ်ဖျဉ်းဖျဉ်း၊ ပူစပ်ပူလောင် ဖြစ်သလို ခံစားရတာ၊ အရည်ကြည်ဖုလေးတွေ ပေါက်နေတဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင် နေလောင်တာ ဖြစ်ဖို့ သေချာသွားပါပြီ။
ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လား။

ပုံမှန်ဆိုရင် သူ့အလိုလို သက်သာသွားဖို့ ၃ရက်ကနေ ၅ရက်လောက်ပဲ ကြာနိုင်တဲ့အတွက် စိုးရိမ်စရာ အခြေအနေတစ်ခုတော့ ပြောလို့ မရပါဘူး။ ဒီလိုမှမဟုတ်ဘဲ နှုတ်ခမ်းက ဆိုးဆိုးရွားရွား ရောင်ကိုင်းလာတာ၊ လျှာတွေပါ ရောင်လာတာ၊ အနီကွက်တွေ ထလာတာ၊ အစာစားဖို့၊ ရေသောက်ဖို့၊ စကားပြောဖို့ အခက်အခဲ ဖြစ်နေတာ၊ ပါးစပ်ပါ ဖွင့်လို့မရတော့တဲ့အထိ ပြင်းထန်လာပြီဆိုမှ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ဒီလိုအခြေအနေတွေ မတွေ့ရဘူးဆိုရင်တော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံး ပျောက်ကင်းသွားဖို့ ကုသပေးလို့ ရပါတယ်။
နှုတ်ခမ်းနေလောင်တာကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းတွေ
၁။ ရေခဲဝတ်ကပ်ပေးပါ။

နေလောင်ဒဏ်အတွက် အကောင်းဆုံးကုထုံးကို ပြောပါဆိုရင် ရေခဲဝတ်ကပ်ပေးတာပါပဲ။ အရေပြားအတွင်းမှာ ငုပ်နေတဲ့ အပူတွေကို အပြင်ထွက်လာစေပြီး ခန္ဓာကိုယ်ကို အေးမြစေတယ်။ နှုတ်ခမ်းနီရဲတာကို သက်သာစေပြီး အရောင်ကျစေပါတယ်။ ရေခဲဝတ်မရှိရင်လည်း အဝတ်သန့်သန့်လေးကို ရေအေး သို့မဟုတ် ရေခဲရေနဲ့ စိမ်ပြီး ကပ်ထားပေးလို့ ရတယ်နော်။ နေပူထဲက ပြန်လာပြီးပြီးချင်းတော့ နှုတ်ခမ်းကို ရေခဲဝတ်မကပ်ဖို့တော့ သတိထားရမယ်နော်။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းသားအတွင်းက တစ်သျှူးတွေကို ပိုပြီး ထိခိုက်ပျက်စီးသွားစေနိုင်တာကြောင့်ပါ။
၂။ အရေပြားကို အေးမြစေတဲ့ အိမ်တွင်းပစ္စည်းလေးတွေ

ရေခဲဝတ်ကို အသုံးမပြုချင်ဘူးဆိုရင်လည်း ကိုယ့်အိမ်မှာ အမြဲဆောင်ထားနေကျ စားစရာလေးတွေကို အသုံးပြုလို့ ရတယ်နော်။ အာလူးလေးကို ပါးပါးလေးလှီးပြီးဖြစ်စေ၊ ဆလတ်ရွက်၊ အသုံးပြုပြီးသား လက်ဖက်ခြောက် အထုပ်လေးတွေကို ရေအေးအေးထဲမှာ စိမ်ထားပြီး နေလောင်ထားတဲ့ နှုတ်ခမ်းပေါ်မှာ အုပ်ထားလို့ ရတယ်နော်။
၃။ ရှားစောင်းလက်ပပ်

အသားအရေအတွက် နတ်ဆေးတစ်ပါး ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်လေးတွေကို နေလောင်ဒဏ်ကုသတဲ့ နေရာမှာလည်း အသုံးပြုပေးလို့ ရပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေတာ၊ နီရဲပြီး ရောင်ရမ်းနေတာ၊ ပူစပ်ပူလောင် ဖြစ်နေတာကို သက်သာစေတယ်။ အရေပြားအတွင်းထဲထိ အစိုဓာတ် စိမ့်ဝင်သွားစေပြီး အေးမြစေတယ်။ နှုတ်ခမ်းကို နဂိုအသားအရောင်အတိုင်း ပြန်လည် ပန်းရောင်သမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ နီရဲရောင်ရမ်းတာ သက်သာစေတဲ့ ဆေးဝါးတွေ

ဆေးဆိုင်တွေမှာ နာကျင်မှုနဲ့ အရေပြားနီရဲတာကို သက်သာစေဖို့ ibuprofen ဆေးဝါးတွေကို အလွယ်တကူ မေးဝယ်ပြီး သောက်လို့ ရပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ အရေပြားက အတွင်းကနေပြီး ပြန်လည်ကုစားပေးကာ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတာပါပဲ။
၅။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆီတွေ

သဘာဝအုန်းဆီ၊ သံလွင်ဆီတွေမှာ ပါဝင်တဲ့ ဗီတာမင် အီး ဟာ နေလောင်ခံထားရတဲ့ အရေပြားအတွက် မရှိမဖြစ် အာဟာရပါပဲ။ ဒါ့အပြင် နေလောင်ဒဏ်ကို သက်သာစေဖို့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အေးမြစေပါတယ်။ ဆီတွေကို သုံးပေးတဲ့အခါမှာ အများကြီး မသုံးဖို့တော့ နည်းနည်း ဂရုစိုက်ပေးပါနော်။ ကိုယ်လိုသလောက် နည်းနည်းလောက်ကိုပဲ ယူပြီး နှုတ်ခမ်းပတ်ပတ်လည်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
နှုတ်ခမ်းသား နေလောင်မခံရစေဖို့ ဘယ်လိုဂရုစိုက်မလဲ။

အရေပြားကို နေလောင်ကာလိမ်းဆေး လိမ်းသလိုပဲ နှုတ်ခမ်းကိုလည်း နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အပြင်မထွက်ခင် နာရီဝက်လောက် ကြိုတင်ပြီး နှုတ်ခမ်းလိမ်းအဆီ (Lip Balm) ကို လိမ်းပေးရမယ်နော်။ ယောက်ျားလေးရော၊ မိန်းကရော သုံးလို့ ရပါတယ်။ မိန်းကလေးတွေဆိုရင်တော့ နှုတ်ခမ်းလိမ်းအဆီကို အရင်လိမ်းပြီးမှ နှုတ်ခမ်းနီကို ဆိုးပေးတာ ပိုကောင်းပါတယ်။ တတ်နိုင်ရင် မနက် ၁ဝနာရီကနေ ညနေ ၄နာရီအတွင်း ပူလွန်းတဲ့အချိန်တွေ အပြင်ထွက်တာကို ရှောင်ပေးပါ။ အပြင်ထွက်တိုင်း ထီးနဲ့ ဦးထုပ်ကို ဆောင်းပေးဖို့လည်း မမေ့ပါနဲ့နော်။ အားလုံးပဲ နွေနေပူပူကို အန်တုရင်း သာယာလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly