ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ

ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ညဘက်အိပ်ပြီး မနက်ပိုင်း ပြန်ထတဲ့ နှာခေါင်းသွေးလျှံပြီး အိပ်ရာမှာသွေးတွေ ပေနေတဲ့အခါ လူတို်င်း ထိတ်ခနဲ ဖြစ်သွားကြမှာပါ။ လူအများစုက နေ့ခင်းပိုင်းပူတဲ့အချိန်မှာပဲ နှာခေါင်းသွေးလျှံကြတတ်ကြတယ်လေ။ နေ့ခင်းဆို ရာသီဥတုက ပူတာကိုး။ ဒါပေမယ့် ညဘက်နှာခေါင်းသွေးလျှံတဲ့ အခါမျိုးဆိုရင် စိုးရိမ်လာကြပါပြီ။ ဘာ့ကြောင့် ညပိုင်းမှ နှာခေါင်းသွေးလျှံရတာလဲ။ သွေးကင်ဆာများရှိနေပြီလားပေါ့။
ညပိုင်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။
( ၁ ) ခြောက်သွေ့သောလေ ။ ။

အသားခြောက်တဲ့အခါ အသားတွေကွဲပြီး သွေးထွက်သလိုမျိုး ခြောက်သွေ့တဲ့လေတွေ အကြာကြီးရှူရှိုက်ရတဲ့ နှာခေါင်းအတွင်းသားနံရံလေးတွေကလည်း ခြောက်သွေ့ပြီး သွေးထွက်တတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။
    Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။
    ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး လိမ်းပြီးမှ အိပ်ပါ။

( ၂ ) – နှာချေးကလော်ခြင်း ။  ။

နှာချေးကလော်တာကလည်း နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတစ်ခုပါ။ နှာခေါင်းကလောတာ အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါ ညဘက်အိပ်ပျော်နေတဲ့အချိန်မှာလည်း သွားသွားပြီး ကလော်တတ်ကြပါတယ်။ ဒီလိုနဲ့ နှာခေါင်းအတွင်းက သွေးကြောလေးတွေထိမိပြီး နှာခေါင်းသွေးလျှံလာရတာ ဖြစ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    ညဘက်အိပ်တဲ့အခါ လက်အိတ်ဝတ်ပြီးအိပ်ပါ။ ဒါမှ နှာခေါင်းထဲ လက်ထည့်မရလို့ ကုတ်မိမှာ မဟုတ်တော့ပါဘူး။
    လက်သည်းသေချာညပ်ပါ။ လက်သည်းအရှည်တွေက နှာခေါင်းအတွင်းသားတွေကို ပိုထိခို်က်စေတတ်ပါတယ်။

( ၃ ) ရာသီဥတု ။ ။

ဆောင်းတွင်းလို အေးပြီးခြောက်သွေ့တဲ ့ရာသီဥတုမှာ နှာခေါင်းသွေးထွက်လေ့ရှိပါတယ်။ ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ ဆောင်းလေကြောင့်ရော၊ အိမ်မှာ တပ်ထားတဲ့ အပူပေးစက်တွေကြောင့်ရော ပတ်ဝန်းကျင်က လေတွေ အကုန် စိုထိုင်းဆနည်းပြီး ခြောက်သွေ့ကုန်ပါတယ်။ ဒီခြောက်သွေ့နေတဲ့လေတွေကို ရှူရှိုက်တာများတဲ့အခါ နှာခေါင်းအတွင်းသားတွေ ကွဲအက်တတ်ပြီး သွေးထွက်တတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။
    Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။
    ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး လိမ်းပြီးမှ အိပ်ပါ။

( ၄ ) – ဓာတ်မတည့်ခြင်း ။ ။

ဓာတ်မတည့်မှုပြင်းထန်တဲ့လူတစ်ယောက်ဟာ နှာခေါင်းတွေယားပြီး နှာစေး၊ နှာချေတာတွေခဏခဏဖြစ်တတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလို ခဏခဏ နှာချေတာဟာ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတစ်ခုပါ။

    နှာခေါင်းယားတဲ့အခါ နှာခေါင်းကိုကုတ်မိမယ်၊ အဲ့အါ သွေးကြောလေးတွေကိုထိမိသွားပြီး သွေးထွက်လာမယ်
    နှပ်ခဏခဏ ညှစ်တဲ့အခါ အားသုံးရတာကြောင့် အတွင်းက သွေးကြောလေးတွေ ကွဲသွားမယ်
    စတီးရွိုက်ပါတဲ့ ပန်းနာရင်ကြပ်ရှူဆေးတွေကြောင့်လည်း နှာခေါင်းအတွင်းသားခြောက်ပြီး ကွဲအက်တတ်ပါတယ်။

ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    ဓာတ်မတည့်ခြင်းက အရင်းခံဖြစ်တာကြောင့် ဓာတ်မတည့်တာကို သက်သာစေတဲ့ဆေးတွေသောက်ပါ။
    ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာကို မှတ်ထားပြီး အဲဒါနဲ့ ဝေးဝေးရှောင်ပါ။
    နှပ်ညှစ်တဲ့အခါ အားကုန်သုံးပြီး ညှစ်မချလိုက်ပါနဲ့။
    ရှူဆေးသုံးတဲ့အခါမှာလည်း Saline နဲ့လုပ်ထားတဲ့ နှာခေါင်းဖြန်းဆေးတွေ သုံးပေးတာက ပိုကောင်းပါတယ်။.

( ၅ ) – ရောဂါပိုးဝင်ခြင်း ။

တုပ်ကွေးမိချိန်၊ ထိပ်ကပ်နာရောဂါ ခံစားနေရချိန်မှာ အတွင်းနှာခေါင်းနံရံလေးတွေက အရမ်းကို နုပြီး အထိမခံဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ နှာကလည်းစေးတော့ နှပ်ညှစ်လိုက်တာနဲ့တင် သွေးကြောပေါက်ပြီး သွေးတွေထွက်လာတတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။

    နှာပိတ်တာကို သက်သာစေဖို့ နှာခေါင်းထဲ အစက်ချဆေးရည်ထည့်တာမျိုး၊ ရေငွေ့ပါတဲ့ နှာဖြန်းဆေးရှူတာမျိုး၊ ရေနွေးငွေ့ရှူတာမျိုးလုပ်ပေးပါ။
    နှာရည်ခဲနဲ့ ချွဲတွေပျော်စေဖို့ ရေများများသောက်ပါ။
    ခုခံအားကောင်းပြီး အားပြန်ပြည့်အောင် အနားများများယူပါ။
    ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ပိုးသတ်ဆေးတွေ သောက်သင့်ရင်လည်းသောက်ပါ ။ ။

ဒါတွေကတော့ ညဘက် နှာခေါင်းသွေး လျှံတတ်တဲ့အကြောင်းအရင်းတွေနဲ့ သူတို့ကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာ အများအားဖြင့် မစိုးရိမ်ရပေမယ့် ရောဂါအခံတစ်ခုခုရှိတာကြောင့်လည်းဖြစ်နိုင်တာကြောင့်

    နှာခေါင်းသွေးတစ်ခါလျှံရင် မိနစ် ၂၀ ထက်ကြာနေမယ်
    တစ်ခါတစ်လေ မဟုတ်ဘဲခဏခဏ လျှံနေမယ်
    ထိခို်ကဒဏ်ရာလည်း ရဖူးထားတယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆေးခန်းသွားပြတာ အကောင်းဆုံးပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly