စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီး

စစ်ကိုင်း ၊ ဧပြီ ၁၉ ။     ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက စတင်တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေအိမ် ၄၀၀ ကျော် ပျက်ဆီးခဲ့ကြောင်း တိုင်းဒေသကြီး လူမှုရေးရုံး၏ စာရင်းများအရသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မုံရွာခရိုင် အရာတော်မြို့နယ်ရှိ ကျေးရွာများနှင့် ရွှေဘိုခရိုင် ဝက်လက်မြို့တွင် လူနေအိမ်ပျက်ဆီးခြင်းများ၊ သာသနိက အဆောက်အဦများ၊ ကျေးလက်ဆေးပေးခန်းများ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။

"ဆာလင်းကြီး မြို့နယ်ထဲက အိမ်ခြေ ၂၁၇ လုံး၊ အရာတော်ဘက်က ၂၀၀၊ ဝက်လက်က ၆၈ အိမ်၊ မုံရွာက အိမ် ၄ လုံးပျက်ဆီးပြီး အားလုံးပေါင်း ၄၀၀ ကျော်လောက်ရှိတယ်။ အခု ကျွန်တော်တို့ လေပြင်းဒဏ်ခံခဲ့ရတဲ့ ကျေးရွာ တွေကိုဆင်းပြီး ထောက်ပံ့ရေး ပစ္စည်းတွေ လိုက်ပေးနေတာ ဒီနေ့က ဆာလင်းကြီး၊ မနက်ဖြန် အရာတော် ဘက်ကိုသွားမှာ"ဟု တိုင်းဒေသကြီး လူမှုဖူလုံရေး ညွှန်ကြားရေးမှူး ဦးစဝစ်ဝီလီလျံဖရန့် မှ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့် နေရာများသို့ ဧပြီလ ၁၉ ရက် မနက်ပိုင်း၌တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ နယ်လုံဝန်ကြီးနှင့် တိုင်းမီးသတ်ဦးစီးမှူး၊ တိုင်းလူမှုဖူလုံရေး ညွှန်ကြားရေးမှူးတို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အချိန်မှာ သတင်းရရချင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်တိုင်လဲ ဒီနေ့မနက်ကိုသွားရောက်ပြီး လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ညွှန်ကြားခဲ့ပါတယ်" ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးမှ မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပိတ်မှုများ၊ နေအိပ်ပြိုလဲမှုများဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ဒေသအရပ်ဘက်အဖွဲ့အစည်းများမှ ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required