စတုဒီသာအလှူ သွားစားရာမှ အစာအဆိပ်သင့်သူ တစ်ရာကျော် ပြန်သက်သာလာ

စတုဒီသာအလှူ သွားစားရာမှ အစာအဆိပ်သင့်သူ တစ်ရာကျော် ပြန်သက်သာလာ

မကွေး၊ ဧပြီ ၁၉ ။            ။ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျပ္ပါယ်ကျေးရွာအုပ်စု၊ ရွှေတွင်းတူးကျေးရွာတွင် စတုဒီသာအလှူ သွားစားရာမှ လူ ၁၃၅ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရာ အားလုံး ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်ကြောင်း စလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ရွှေတွင်းတူးရွာမှ စတုဒီသာအလှူတစ်ခုတွင် ပဲဟင်း နှင့် ညောင်ရွက်သုပ် စားမိရာက ညနေပိုင်း၌ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

“ ရွှေတွင်းတူးရွာမှာ မဟာသင်္ကြန်ကာလ အလှူရှင်တွေက ပဲဟင်းရယ်၊ညောင်ရွက်သုပ်ကျွေးတယ်။ အဲဲ့ဒီညက အကုန်လုံး ဝမ်းလျောတယ်။ ဗိုက်နာတယ်။ အော့တယ်၊အန်တယ်၊ ဖျားတယ်။ စားတဲ့သူတွေ ဖြစ်တယ်။ မစားတဲ့သူတွေ မဖြစ်ဘူး။ အားလုံး ၁၃၅ ယောက်ဖြစ်တယ်” ဟု စလင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ပြေက ပြောသည်။

အဆိုပါ ရွှေတွင်းတူးရွာသည် အိမ်ခြေ ၁၂၄ အိမ်ရှိပြီး လူဦးရေ ၆၀၄ ဦးရှိသော ရွာ ဖြစ်သည်။ ရွှေတွင်းတူး ရွာသည် စလင်းတမံထိပ်တွင်ရှိပြီး စလင်းဆေးရုံသို့ ပို့ဆောင်ရန် အလွန်ဝေးကွာသောကြောင့် စလင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ အလှည့်ကျ သွားရောက်ကုသပေးနေရကြောင်း သိရသည်။

“ တောထဲမှာ ညောင်ရွက် ရှိတယ်။ ညောင်ရွက်ကိုသုပ်ပြီး ပွဲတည်ပေးတော့ စားကြတယ်ပေါ့ဗျာ။ အဲဒါကနေ ပဲဟင်းရယ်၊ ညောင်ရွက်သုပ်ရယ် စားကြတာပေါ့၊။ ညောင်ရွက်သုပ်က နဂိုကတည်းက ဝမ်းပျက်တတ်တဲ့အလေ့ ရှိတယ်။ အတော်လေးတော့ ဆိုးဆိုးဝါးဝါး ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်ပွားခဲ့တာပါ” ဟု ဒေသခံ ဦးမြတ်စိုးက ပြောသည်။

စလင်းမြို့နယ်၊ ကျပ္ပယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာအလှူတွင် အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကို မြို့နယ်ကျန်းမာရေးဌာနမှ ဦးစီးကြီးကြပ်ကုသပေးနေပြီး ယနေ့ ဧပြီ ၁၉ ရက်က လူနာများအားလုံး သက်သာလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၈ ရက်က စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဟိန်း ဆက်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးအေးကိုတို့ သွားရောက်အားပေးပြီး ရေသန့်ဘူးနှင့်ဓာတ်ဆားထုပ်များပေးအပ်လှူဒါန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required