ကမ္ဘာ့ အာကာသအင်အားစုအဖြစ်ထွက်ပေါ်လာတဲ့ အိန္ဒိယ

ကမ္ဘာ့ အာကာသအင်အားစုအဖြစ်ထွက်ပေါ်လာတဲ့ အိန္ဒိယ
PSLV-C45/EMISAT MISSION. Photo: Indian Space Research Organisation (ISRO)

အိန္ဒိယနိုင်ငံဟာ အာကာသစူးစမ်းရေး လုပ်ငန်းတွေကို ငြိမ်းချမ်းရေး နည်းလမ်းအားဖြင့် လုပ်ဆောင်သလားဆိုတဲ့ သံသယတွေကတော့ အဆုံးသတ်စေပါပြီ။ Shakti မစ်ရှင် အောင်မြင်ပြီး အီလက်ထရောနစ် ထောက်လှမ်းရေးဂြိုဟ်တု Emisat ကိုလည်း ဂြိုဟ်ပတ်လမ်းအတွင်း လွှတ်တင်လိုက်တာကြောင့်ပါပဲ။

ဟိန္ဒူလို အင်အားလို့ အဓိပ္ပာယ်ရတဲ့ Shakti မစ်ရှင်ကို မတ် ၂၉ ရက်က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒီမစ်ရှင်ဟာ ဂြိုဟ်ပတ်လမ်းအတွင်း ဂြိုဟ်တုကို ဒုံးကျည််နဲ့ ပစ်ချတဲ့ မစ်ရှင်ပဲ ဖြစ်ပြီး ဒီလို ဂြိုဟ်တုဖျက် ဒုံးကျည် အောင်မြင်မှုဟာ အမေရိကန်၊ ရုရှနဲ့ တရုတ်နိုင်ငံတို့နဲ့ အာကာသအင်အားမှာ အိန္ဒိယက ရင်ဘောင်တန်းနိုင်လာတာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ DRDO က ဒီဇိုင်းဆွဲတည်ဆောက်တဲ့ ဒီဒုံးကျည်ဟာ ကီလိုမီတာ သုံးသောင်းအထိ ရောက်နိုင်စွမ်းပါတယ်။ Shakti မစ်ရှင်ကို အောင်မြင်စွာ စမ်းသပ်ပြီး ရက်ပိုင်းမှာပဲ အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO က ဧပြီ ၁ ရက်မှာ PSLV-C45 ဒုံးပျံနဲ့ Emisat ဂြိုဟ်တုကို အခြားဆက်သွယ်ရေးဂြိုဟ်တု ၂၈ နဲ့အတူ တင်ဆောင်လွှတ်တင်လိုက်ပါတယ်။

ဒီလွှတ်တင်မှုဟာ တစ်ကြိမ်တည်းလွှတ်တင်မှုနဲ့ ဂြိုဟ်ပတ်လမ်း သုံးခုထဲ ဂြိုဟ်တုတွေ ပထမဆုံး လွှတ်တင်မှုပဲ ဖြစ်ပါတယ်။ ဒါအပြင် PSLV ရဲ့ လွှတ်တင်ပြီး ဖြုတ်ချရတဲ့ စက်အစိတ်အပိုင်း အဆင့်လေးကိုလည်း ဂြိုဟ်ပတ်လမ်းအတွင်းမှာ အာကာသသုတေသနတွေအတွက် ထားရှိလိုက်တာကိုလည်း စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် Shakti မစ်ရှင်ဟာ ဂြိုဟ်ပတ်လမ်းထဲ အပျက်အစီးအပိုင်းအစတွေ ၄၀၀ ခန့် ဖြစ်ပေါ်စေလိမ့်မယ်လို့ စိုးရိမ်မှုတွေလည််း ရှိပြီး နိုင်ငံတကာအာကာသယာဉ်စခန်း ISS အတွက် ခြိမ်းခြောက်မှု ဖြစ်လိမ့်မယ်လို့ ပူပန်စရာ ရှိနေပါတယ်။ ဒါပေမယ့် Shakti ဂြိုဟ်တုဖျက်ဒုံးကို ကီလိုမီတာ ၃၀၀ အမြင့်က ပစ်မှတ်ကို ရွေးချယ်ခြင်းဖြင့် အပျက်အစီးအပိုင်းအစ အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ၂၀၀၇ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ ဂြိုဟ်တုဖျက် ဒုံးကျည်ကတေတာ့ ကီလိုမီတာ ၈၀၀ က ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်တာကြောင့် အိိန္ဒိယရဲ့ Shakti ဒုံးကျည်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ တရုတ်ရဲ့ ဂြိုဟ်တုဖျက်ဒုံးဟာ အပျက်အစီးအပိုင်းအစတွေ တစ်သိန်းမက ဖြစ်ပေါ်စေပြီး ဒါတွေဟာလည်း အာကာသပတ်လမ်းထဲ ဆယ်စုနှစ်များစွာ လည်ပတ်နေတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ဒုံးကျည်ကြောင့်  ဖြစ်ပေါ်တဲ့ အပျက်အစီးအပိုင်းအစတွေကတော့ သီတင်းပတ်အတွင်းမှာ ပျောက်ပျက်ရှင်းလင်းမှာ ဖြစ်ပါတယ်။

ဒီအပြင်လည်း အိန္ဒိယဟာ Shakti ကို စမ်းသပ်ပြီး ချက်ချင်းပဲ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကမ္ဘာကို အသိပေးခဲ့တာပါ။ တရုတ်ကတော့ ၎င်းရဲ့ စမ်းသပ်မှုကို လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး ပြင်ပရင်းမြစ်တွေက သတင်းအချက်အလက် စုဆောင်နိုင်တော့မှှ ဝန်ခံလာခဲ့တာ ဖြစ်ပါတယ်။

Shakti မစ်ရှင်ဟာဆိုရင် အိန္ဒိယရဲ့ အာကာသအင်အားကို ပြသရုံလောက်တာတင်မကဘဲ နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကိုပါ သဲ့ယူသွားတဲ့ မစ်ရှင်ပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly