ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၉၁၄ ဦးရောက်ရှိပြီး ၆ ဦးသေဆုံး

ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၉၁၄ ဦးရောက်ရှိပြီး ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၈ ။    ။ ၂ဝ၁၉ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာ ၉၁၄ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါ်ခင်သိင်္ဂီမြင့်က ဧပြီလ ၁၈ ရက်နေ့တွင် ပြောသည်။

 သေဆုံးသူဦးရေမှာ ယခင်နှစ်က ၁၈ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ၆ ဦးသေဆုံးခဲ့သောကြောင့် လူသေဆုံးမှု သုံးပုံနှစ်ပုံ လျော့နည်းလာခဲ့ခြင်းဖြစ်သည်။  သို့သော် ယခင်နှစ်က ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာ ၈၁ဝ  ဦးသာ ရှိပြီး ယခုနှစ်တွင် ၉၁၄ ဦးရှိခဲ့သောကြောင့်  လူနာရောက်ရှိမှု ၁ဝဝ ကျော် ပိုမိုများပြားလာခဲ့သည်။  

"ဘာကြောင့် ပိုများလဲဆိုတော့ အခုဘာပဲဖြစ်ဖြစ် မနှစ်ကထက်စာရင် ကျွန်မတို့က အကြို၊ အကျ၊ အကြတ်၊ အတက်ပေါ့နော်။ ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ မှာ average လူနာက ၁၈ဝ၊ ၁ရဝ ဝန်းကျင်တော့ ရောက်လေ့ ရှိတယ်ပေါ့နော်။ အခုဒီနှစ်မှာတော့ အကြတ်နဲ့ အတက်မှာတင် ၂ဝဝ ကျော်သွားတယ်။ လူနာကတော့ မနှစ်ထက် စာရင် ရောက်ရှိမှုပိုများတယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါ်ခင်သိင်္ဂီမြင့်က ပြောသည်။

ရောက်ရှိလာသောလူနာများတွင် မော်တော်ယာဉ်ကြောင့် ထိခိုက်မှုများ၊ ဆိုင်ကယ်ကြောင့် ထိခိုက်မှုများ၊ အခြား ယာဉ်ကြောင့် ထိခိုက်မှုများ၊ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်းနှင့် အခြားထိခိုက်မှုများကြောင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ရေနစ်သေဆုံးသူ တစ်ဦးပါဝင်ကြောင်း သိရသည်။

"များသောအားဖြင့်တော့ RTA(Road Traffic Accident) တွေပဲများတယ်။ ဘယ်လိုဟာမျိုးလဲဆိုတော့ ကလေး က အိမ်ရှေ့မှာ ကစားနေတယ်။ ဆိုင်ကယ်က မူးပြီးမောင်းပြီး ဝင်တိုက်တယ်။ ဒါမျိုးတွေ ရှိတယ်။ ကားနဲ့  ဓာတ်တိုင် ညှပ်ပြီးတော့လည်း သေဆုံးတယ်။ RTA တွေပဲ များတယ်'' ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၉၁၄ ဦးတွင် ပြင်ပလူနာ ၆ဝဝ ကျော်ရှိပြီး အတွင်း လူနာ ၃၁၂ ယောက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly