အိုင်ဗရီကို့စ်မှဆန်ကိစ္စကို အစိုးရအနေဖြင့် အမြန်ဆုံးသတင်းထုတ်ပြန်ရန် မန်းဆန်စပါးအသင်း တိုက်တွန်း

အိုင်ဗရီကို့စ်မှဆန်ကိစ္စကို အစိုးရအနေဖြင့် အမြန်ဆုံးသတင်းထုတ်ပြန်ရန် မန်းဆန်စပါးအသင်း တိုက်တွန်း
အိုင်ဗရီကို့စ်တွင် စားသုံးရန် မသင့်တဲ့ မြန်မာဆန်များကို မဖျက်ဆီးခင် ဧပြီ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Sia Kambou/အေအက်ဖ်ပီ

မန္တလေး၊ ဧပြီ ၁၈ ။    ။ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာနိုင်ငံမှတင်ပို့သည့် ဆန်များကို စာသုံးရန် မသင့်ဟုဆိုကာ ဖျက်ဆီးလိုက်ခြင်းအပေါ် မြန်မာ့ဆန်စပါးစျေးကွက် အခက်ခဲရှိလာနိုင်သဖြင့် အစိုးရအနေဖြင့် အမြန်ဆုံးသတင်းထုတ်ပြန်ရန် မြန်မာနိုင်ငံ၊ ဆန်စပါး ကုန်သည်များအသင်း (မန္တလေးတိုင်းဒေသကြီး)၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က တိုက်တွန်းပြောဆိုလိုက်သည်။

“ စားသုံးရန်မသင့်ဆိုပြီး ဖျက်ဆီးတာ ဆိုးဆိုးဝါးဝါး ထိခိုက်တယ်။ ကျွန်တော်တို့နိုင်ငံလည်း ထိခိုက်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သိက္ခာပိုင်းလည်း ထိခိုက်တယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကလည်း သတင်းထုတ်ပြန်မှု တွေ အမြန်ဆုံးလုပ်သင့်တယ်။"ဟု ဦးစိုင်းကျော်က ဧပြီ ၁၈ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ဧပြီ ၁၇ ရက်နေ့က မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်နိုင်ငံတွင် စားသုံးရန် မသင့်ဟုဆိုကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“ ယခုလို ဆန်များဖျက်ဆီးပြလိုက်ခြင်းသည် မြန်မာနိုင်ငံ ဆန်စပါးစျေးကွက်ကို ထိခိုက်မှာဖြစ်ခြင်းကြောင့် တောင်သူ၊ ကုန်သည်နှင့် ပွဲစားများပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ တင်ပို့နေသည့်ဆန်များကို အဝယ်ပိတ်ထားတာကြောင့် မူဆယ်ဆန်စျေးကွက်တွင် ဆန်တန်ချိန် ခြောက်သောင်းကျော် ပိတ်မိနေပါတယ်” ဟု ဦးစိုင်းကျော်က ဆိုသည်။

တရုတ်နိုင်ငံက မြန်မာ၏ ဆန်တင်ပို့မှုကို ၂၀၁၈ ခုနှစ်၊နှစ်ကုန်ပိုင်းက စတင်ပိတ်ခဲ့ခြင်းကြောင့် မူဆယ်တွင် ဆန်တန်ချိန် ခြောက်သောင်းကျော် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ဆို မူဆယ်မှာ ဆန်တွေ ပိတ်မိနေတယ်။ လွယ်ဂျယ်ဘက်မှာ တန်ချိန် တစ်သာင်းလောက် ရှိမယ်။ မူဆယ်မှာက တန်ချိန် ငါးသောင်းကျော် ရှိတယ်။ အခု အိုင်ဗရီကို့စ်မှာ ဖြစ်တဲ့ပြဿနာရောဆိုရင် ဆန်က ထွက်ပေါက် မရှိတော့ဘူး။ "ဟု ၎င်းက ဆက်လက်ပြောသည်။

အာဖရိကနိုင်ငံ အိုင်ဗရီကို့စ်တွင် ဖျက်စီးခဲ့ခြင်းမှာ ဆန်များကို ကြာမြင့်စွာသိုလှောင်မှုကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကလည်း ဧပြီ ၁၈ ရက်က ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ရေကြောင်းတင်ပို့မှုနှင့် နယ်စပ်မှ တင်ပို့များရှိနေပြီး အာဖရိကနိုင်ငံ များကို ရေကြောင်းမှတင်ပို့ခြင်း ဖြစ်သောကြောင့် အချိန်ကြာမြင့်မှုများရှိနေသည်။

ယခုလို ဖြစ်ပေါ်နေမှုများကို အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လိုအပ်သလို အစိုးရအချင်းချင်း ချိတ်ဆက်၍ ပြေလည်အောင် စီမံဆောင်ရွက်ပေးရန် ဆန်စပါးလုပ်ငန်းရှင်များက လိုလားလျှက် ရှိသည်။

"အစိုးရက ဖြစ်တော့မှ ထ ထလုပ်နေတယ်။ ဖြစ်တော့မှ ထ ဖြေရှင်းလို့မရတော့ဘူး။ ဖြစ်မှ ဖြေရှင်းလို့ရတဲ့ ခေတ်က မရှိတော့ဘူး။ ကြိုတင်စဉ်းစားထားတော့မှ ရမဲ့အခြေအနေဖြစ်နေပြီ။ ဒီ အာဖရိကကို ပို့တဲ့ဆန်က ဒီတိုင်းသာ တကယ်ဆိုရင်တော့ ကောင်းမဲ့အနေအထား မရှိဘူး။ ဒီနိုင်ငံတွေ မပို့နိုင်တော့ဘူးဆိုရင် ထွက်ပေါက် မရှိတော့ဘူး။ စျေးကွက်အနေအထားရ ထိခိုက်မယ်။"ဟု သိန်းဇော်ဆန်ရောင်းဝယ်ရေးမှ ဆန်လုပ်ငန်းရှင် ဦးသိန်းဇော်က ပြောသည်။

အိုင်ဗရီကို့နိုင်ငံ၏ လုပ်ရပ်ကြောင့် လတ်တလော ဧပြီလအတွင်း ပြည်ပနိုင်ငံများသို့တင်ပို့မည့် ဆန်များမှာ အခက်အခဲ ဖြစ်လာဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ၊ ဆန်စပါး ကုန်သည်များအသင်း (မန္တလေးတိုင်းဒေသကြီး)၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က သုံးသပ်သည်။

"ဧပြီမကုန်ခင်မှာ သင်္ဘောတင်စရာတွေကလည်း ရှိတယ်။ ဧပြီ ပြီးသွားရင်လည်း ရှိတယ်။သင်္ဘာတွေနဲ့က စာချုပ်တွေနဲ့ ရောင်းထားတာ။ ဆက်တိုက်၊ ဆက်တိုက် ရောင်းထားကြတာများတယ်။ အဲဒီအတွက် ဘယ်ရိုက်ခတ်မယ်ဆိုတာ မသိရသေးဘူး။အခုက သင်္ကြန်အပြီးဆိုတော့ အလုပ်က စမလုပ်ရသေးဘူး။ တစ်ရက်၊ နှစ်ရက်ဆို အလုပ်စလုပ်ကြတော့မယ်။ သင်္ဘောတင်ကြတော့မယ်ဆို ရိုက်ခတ်မှုက အတိအကျ သိလာရမယ်။ ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။"ဟု ဦးစိုင်းကျော်က ဆိုသည်။

ပြည်ပတင်ပို့မှု ဆန်စျေးကွက် ထိခိုက်လာပါက တောင်သူများ အဓိကအခက်အခဲများ ရင်ဆိုင်ရမှာဖြစ်သလို ကုန်သည်ပွဲစားများလည်း အထိနာလာနိုင်သည်ဟု ဆန်စပါးကုန်သည်များက ဆိုကြသည်။

မြန်မာနိုင်ငံသည် ဆန်စပါး အဓိက တင်ပို့နေသော နိုင်ငံဖြစ်ပြီး အာဖရိကစျေးကွက်သို့ ပါကစ္စတန်၊ အိန္ဒိယတို့မှ ဆန်တင်သွင်းသည့် ကုမ္မဏီများနှင့်အပြိုင် ဆန်တင်ပို့နေရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဆန်စပါးအသင်းချုပ်မှ အဆိုပါကိစ္စအတွက် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required