တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရပါက ငြိမ်းချမ်းရေးရရန် ခက်ခဲဟု AA ဘက်မှဆို

တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရပါက ငြိမ်းချမ်းရေးရရန် ခက်ခဲဟု AA ဘက်မှဆို
 Photo by Ye Aung THU / AFP

ရန်ကုန်၊ ဧပြီလ ၁၈ ။     ။ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိပါက ငြိမ်းချမ်းရေးရရှိရန် ခက်ခဲကြောင်း ရက္ခိုင့်တပ် (AA)မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

"ငြိမ်းချမ်းရေးဆိုတာက ဆုတောင်းနေလို့ မရဘူး။ တိုင်းရင်းတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရင် တော့ ငြိမ်းချမ်းရေးဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့ကိစ္စကိုလည်းပဲ ကျွန်တော်ပြောပြခဲ့ပါတယ်"ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တပ်မတော်မှ သက်ဆိုင်ရာ အရာရှိများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့သည်ဟု ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ ၀”ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပနေသော ပန်ဆန်း၌ ဧပြီလ ၁၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံ၊ ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း တိုးတက်မှုရှိသည်ဟု မသုံးသပ်ကြောင်း ရက္ခိုင့်တပ် (AA) မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

" အခုကျွန်တော်တို့ ထိတွေ့မှုမှာ ဆက်ဆံမှုမှာတော့ ကျွန်တော်တို့ ပြောကြတာတွေတော့ ရှိတယ်။ ဒါပေမယ့် ပြောပလောက်အောင် တိုးတက်မှုတွေတော့ မရှိသေးဘူး။ ကျွန်တော်တို့ လုပ်ချင်တဲ့ ဆန္ဒတွေကိုတော့ ဖော်ပြနေကြတာပေါ့။ အခုလည်းပဲ ကျွန်တော်တို့ ၃၀ ရက်နေ့မှာ မြောက်ပိုင်း ၄ ဖွဲ့ပေါ့။ ကျွန်တော်တို့ တွေ့ဖို့ ရှိပါတယ်။ တွေ့ဖို့ရှိတယ်ဆိုတော့ အဲ့ဒီမှာ နှစ်ဖက်အပစ်အရပ် လက်မှတ်ထိုးမယ့်ကိစ္စတွေကိုတော့ ပြောဖြစ်မယ် ထင်ပါတယ်။ အရင်ကလည်း ကျွန်တော်တို့ နှစ်ဖက်အပစ်အရပ်လက်မှတ်ထိုးမယ့် ကိစ္စကို ပြောခဲ့ကြတယ်။ ဒါပေမယ့် အဆင်မပြေဘူးပေါ့။ တိုက်ပွဲတွေဖြစ်လာတယ်။ အခု အဲ့ဒီကိစ္စကို ပြန်ပြောမယ်။ ပြောမယ်ဆိုရင်လည်းပဲ အစိုးဘက်က ဖြစ်ချင်တာထက် ကျွန်တော်တို့ဘက်က ဖြစ်ချင်တာကို တော်တော်လေးကို ညှိပြီးတော့ ယူရဦးမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် NCA ရေးထိုးပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က “ဝ ” အထူးဒေသ(၂) ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀)ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

" NCA ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ (ဧပြီလ ၁၇ ရက်) မနက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သူ့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရတယ်။ ဒီ NCA နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားစရာတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ ရခိုင် ULA/ AA အဖွဲ့အစည်းအနေနဲ့ဆိုရင်တော့ ဒီ NCA ကို ကျွန်တော်တို့ အဖွဲ့အစည်း အကုန်လုံးအတွက်ပေါ့လေ။ ဒီဟာ တစ်ခုတည်းနဲ့ ပြီးမြောက်တဲ့စာတမ်းတစ်ခုလို့တော့ ကျွန်တော်တို့ မယူဆထားဘူး။ ဒီဟာမှာ ဖြည့်စွက်စရာတွေ၊ ပြောင်းလဲစရာတွေလိုဦးမယ်လို့တော့ ကျွန်တော်တို့သုံးသပ်ထားပါတယ်" ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်ပြောခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်သော NRPC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA ဘက်မှ ဗိုလ်မှူးကြီး ကျော်ဟန် တက်ရောက်ခဲ့သေးသည်။

AA အပါအဝင် UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး လက်နက်ကိုင်တောင်းဆိုနေမည့် အစား နိုင်ငံရေး စားပွဲဝိုင်းကို လာရောက်ရန် အစိုးရမှ ဖိတ်ခေါ်ထားကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly