ရခိုင်တွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာလုံးဝမရှိဟု AA စစ်ဦးစီးချုပ်ဆို

ရခိုင်တွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာလုံးဝမရှိဟု AA စစ်ဦးစီးချုပ်ဆို

ရန်ကုန်၊ ဧပြီလ ၁၈  ။    ။ ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်နိုင်ငံမှ စီမံကိန်းများကို ဆန့်ကျင်စရာလုံးဝ မရှိ ကြောင်း ရက္ခိုင့်တပ်(AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

အင်အားကြီးနိုင်ငံများနှင့် ပတ်သက်လာလျှင် ရက္ခိုင့်တပ်(AA)အနေဖြင့် တတ်နိုင်သမျှ အဆင်ပြေအောင် ကြိုးစားသွားမည်ဖြစ်ကာ AA မှ ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံနေသည့်  တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံများကို ဆန့်ကျင်မည်ဆိုပါက ရခိုင်ပြည်နယ်အနေဖြင့် ပိုပြီး နစ်နာစရာရှိကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ ၀”ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပနေသော ပန်ဆန်း၌ ဧပြီလ ၁၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခဲ့ခြင်းဖြစ်သည်။

"  ကျွန်တော်တို့ တိုင်းပြည်တော့ ဟုတ်တယ်။ ရခိုင်နေတဲ့ တိုင်းပြည်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ရခိုင်တွေ မပိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို ဒီဗဟိုအစိုးရက လက်ညှိုးထိုးပြီး ရောင်းစားနေတာပဲ။ ကျွန်တော်တို့မှာ ရစရာ ဘာမှမရှိဘူး။ တကယ်လို့ အဲ့ဒီနေရာ(စီမံကိန်း)ကနေ ကျွန်တော်တို့အတွက် တချို့တဝက်ရခဲ့ရင်တောင်မှ အရှုံးထဲက အမြတ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့က တရုတ်ရဲ့ စီမံကိန်းတွေကို ဆန့်ကျင်နေစရာ အကြောင်းလုံးဝမရှိဘူး" ဟု ရက္ခိုင့်တပ်(AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

အဆိုပါ စီမံကိန်းများကြောင့်သာ ရခိုင်ပြည်နယ်နေ ပြည်သူလူထု၏ အခက်အခဲများကို မည်သို့ ဖြေရှင်းနိုင်မည် ဆိုသည့် အမြင်ကို ရက္ခိုင့်တပ်(AA)အနေဖြင့် ထားရှိကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်ပြောခဲ့သည်။

 လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ၂၅ ခုထိရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ပေးထားသည့် စီမံကိန်းများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သိရ သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုတွင် စွမ်းအင်ကဏ္ဍ(ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း) ၂၅ ခုရှိပြီး သတ္တုကဏ္ဍ ၁ ခုနှင့်  အခြားဝန်ဆောင်မှုကဏ္ဍ ၁ ခုရှိကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် အများဆုံးလုပ်ကိုင်ကြကြောင်းသိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ၂၅ ခုတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအများဆုံးဖြစ်ပြီး စီမံကိန်း ၁၃ ခုထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly