သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်

သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်

သထုံ၊  ဧပြီ ၊ ၁၇ ။        ။ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ဧပြီ ၁၇ ရက်က လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသား အကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

"ဘယ်လို ကတိ ခံဝန်ချက်မျိုးမှ မထားဘဲ ခြွင်းချက်မရှိ လွှတ်ပေးတာပါ။ ကျွန်တော်တို့မှာ လွတ်ငြိမ်းချမ်းသာခွင့်က နှစ်မျိုးရှိတယ်။ တစ်ခုက စည်းကမ်းသတ်မှတ်ချက်ရှိတယ်။ လွှတ်ပေးလိုက်ရင် ကောင်းမွန်စွာနေထိုင်ပါမယ်။ ပြစ်မှုပြန်ကျူးလွန်ခဲ့ရင် လက်ရှိကျခံရတဲ့ ပြစ်ဒဏ်တွေကိုပါ ပြန်ပြီးကျခံပါမယ်ဆိုတာက တစ်မျိုး၊ နောက်တစ်ခုက အခုလွှတ်ပေးတဲ့ ကျင့် ၄၀၁ လို ဘာအနှောင်အဖွဲ့မှ မထားဘဲ လွှတ်ပေးတာမျိုးပါ” ဟု သထုံအကျဉ်းထောင်၏ ထောင်မှူး ဦးနိုင်ဝင်းက ပြောသည်။

နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၁၇ ရက်တွင် အမိန့်အမှတ်၊ ၁၃/၂၀၁၉ ဖြင့် “မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်" ဟု ထုတ်ပြန်ထားသည်။

 

"ကျွန်တော် ဆေးမှုနဲ့ ၆ နှစ်ကျတယ်။ ထောင်နေသားက ၁နှစ်နဲ့ ၁ဝလပါ။ အခုလို ထောင်ကလွတ်တော့ အရမ်းပျော်တယ်။ ကျန်ခဲ့တဲ့သူတွေကိုလည်း လွတ်စေချင်တယ်။ ကံပဲပေါ့။ ဒီက လွတ်ပြီးတဲ့ နောက်မှာ စီးပွားရေး တစ်ခုခုကို လုပ်ချင်တယ်။ ဘဝကိုလည်း တည်ထောင်ရမယ်"ဟု သထုံမြို့မှ ကိုရွှေဥက ပြောသည်။

 "သားလေး လွတ်လာတော့ တအားကို ပျော်တာပေါ့။ မျက်ရည်တွေ ကျတဲ့အထိ။ အတိုင်းမသိ ဝမ်းသာတာပေါ့ ။ သားလေးက အခုမှ အသက် ၂၀ ပဲ ရှိသေးတယ်။ တိုင်းပြည်အတွက် သူ ထမ်းဆောင်ရင် ထမ်းဆောင်၊ မိဘအတွက် သူထမ်းဆောင်ရင် ထမ်းဆောင်။ တစ်ထောင့်တစ်နေရာရာကနေ တိုင်းပြည်နဲ့ လူမျိုးအတွက် ထမ်းဆောင်အောင် ပြောရမှာပေါ့"ဟု သထုံမြို့ ဈေးကြီး အောက်ကျဉ်းလမ်းနေ မိခင်တစ်ဦးက သားဖြစ်သူ လွတ်လာမှုအပေါ် ပြောသည်။ 

မြန်မာနှစ်သစ်မင်္ဂလာအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ ၉၅၃၅ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ၄၀၁ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာ သထုံအကျဉ်းထောင်မှ ၄၃ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့သည်။ 

ယမန်နှစ်က တစ်နိုင်ငံလုံး အကျဉ်းသား ၈၀၀၀ ကျော် လွှတ်ပေးခဲ့ပြီး ယခု ၉၀၀၀ ကျော် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly