ဝန်းသိုတွင် ဗုဒ္ဓရုပ်ပွားတော်များ ခိုးယူခဲ့သူကို ဖမ်းဆီးထား 

ဝန်းသိုတွင် ဗုဒ္ဓရုပ်ပွားတော်များ ခိုးယူခဲ့သူကို ဖမ်းဆီးထား 
ဓာတ်ပုံ- ပြည်ထဲရေး

ရန်ကုန်၊ ဧပြီလ ၁၇ ။    ။ စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ မြောက်ကုန်းကျေးရွာတွင် စကျင်ကျောက်ဖြင့် ပြုလုပ်ထား သည့် ဗုဒ္ဓရုပ်ပွားတော် ၃ ဆူအား ခိုးယူခဲ့သူကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူမှာ ကောလင်းမြို့နယ်၊ တောင်ကြားကျေးရွာတွင်နေထိုင်သည့် အသက် ၄ဝ အရွယ် စောလွင်ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်၊ ညနေ့ ၅ နာရီအချိန်ခန့်တွင် မြောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းတို့ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားစေတီအား သွားရောက်ဖူးမြော်စဉ် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော်အမြင့် ၁ ပေခွဲခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ၊ (ကာလတန်ဖိုး ၃ သိန်းကျပ်ခန့်ရှိ) ပျောက်ဆုံး နေသည် ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ကျေးရွာသူ/ သားများနှင့် ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းရှာဖွေခဲ့ရာ ချောင်းဖျားကျေးရွာအနီးတောထဲ၌ စောလွင်ဆိုသူကို ပျောက်ဆုံးနေသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။ 

လက်ရှိတွင် ဗုဒ္ဓရုပ်ပွားတော်များနှင့်အတူတွေ့ရှိခဲ့သည့် အသက် ၄ဝ အရွယ် စောလွင်ဆိုသူကို ဖမ်းဆီးထားပြီး ဝန်းသိုမြို့မ ရဲစခန်းတွင် (ပ)၆၃/ ၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၂၉၅(ခိုးမှု၊ ဘာသာသာသနာငြိုးနွမ်းစေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required