ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်အနီးရှိ ကျူးကျော်များကို နေရာချပေးရေး လုပ်ဆောင်မည်

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်အနီးရှိ ကျူးကျော်များကို နေရာချပေးရေး လုပ်ဆောင်မည်
ရွှေပြည်သာစက်မှုဇုန်ရှိ နေအိမ်တစ်လုံး၏ ပြတင်းပေါက်မှ လူတစ်ဦး အပြင်သို့ လှမ်းကြည့်နေစဉ်။ ဓာတ်ပုံ - ရဲအောင်သူ/အေအက်ဖ်ပီ

 ရန်ကုန်၊ ဧပြီလ ၁၆  ။         ။ စက်မှုဇုန်များကို အဆင့်မြှင့်တင်တော့မည်ဖြစ်ရာ စက်မှုဇုန်အနီးတစ်ဝိုက်ရှိ အမှန်တကယ် အခက်အခဲရှိသော ကျူးကျော်များအတွက် နေရာချပေးရေး လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Sky Net နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုထားခြင်းဖြစ်ပြီး ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)က အဆိုပါအင်တာဗျူးကို ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ထားခြင်း ဖြစ်သည်။ 

“ အခုလတ်တလောမှာ စက်မှုဇုန်တွေကို ကျွန်တော်တို့ အဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်။ ဒီစက်မှုဇုန်တွေကို အဆင့်မြှင့်တင်မယ်ဆိုရင် ဒီစက်မှုဇုန်တွေနားမှာ နေထိုင်နေကြတဲ့ ကျူးကျော် တွေ၊ လမ်းမဘေးတွေနားမှာ နေထိုင်နေကြတဲ့ ကျူးကျော်တွေကို ကျွန်တော်တို့ စနစ်တကျနေရာချထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် NGO အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ကျူးကျော်နေထိုင်နေတဲ့ သူတွေအတွင်းမှာ အသေးစားချေးငွေတစ်ခုနဲ့ နေစရာကိုဖန်တီးပေးဖို့ စဉ်းစားနေပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။ 

ထိုသို့ လုပ်ဆောင်ပေးရန် ဧပြီလအတွင်း လုပ်ငန်းစတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။ 

“အစိုးကနေ မြေကို ထည့်ဝင်လိုက်ပြီးတော့ အသေးစားချေးငွေနဲ့ တကယ်၊ အမှန်တကယ်နေစရာမရှိတဲ့ သူတွေ ကို အမျိုးသမီးတွေကြားမှာ ချေးငွေတစ်ခုကို ထူထောင်ပြီးတော့ သူတို့ရဲ့ အိမ်ရာလေးတွေကို တည်ဆောက် ပေးမယ်ဆိုရင် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်ကို ဆောင်ရွက်နိုင်ဖို့အတွက် အခုကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားဖို့ ဒီဧပြီလထဲမှာ ကျွန်တော်တို့ ဒီလုပ်ငန်းစဉ်တွေစနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

နေစရာမရှိသည့် ကျူးကျော်များကြားတွင် အသေးစားချေးငွေကို ဝိုင်းကြီးချုပ်စနစ်(စုပေါင်းတာဝန်ယူရသော စနစ်)ဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးအရ ကျူးကျော်နေထိုင်ခြင်းမဟုတ်ဘဲ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိသဖြင့် ကျူးကျော်နေထိုင်ခြင်းဖြစ်ကြောင်း သေချာသူများကိုသာ အသေးစိတ် စစ်ဆေး၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required