နှစ်သက်တမ်း ၈၅၀ ရှိတဲ့ ပြင်သစ်ရဲ့ အထင်ကရ နော်တာဒမ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီး မီးအကြီးအကျယ်လောင်ကျွမ်း

နှစ်သက်တမ်း ၈၅၀ ရှိတဲ့ ပြင်သစ်ရဲ့ အထင်ကရ နော်တာဒမ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီး မီးအကြီးအကျယ်လောင်ကျွမ်း
Photo: EPA

ပါရီ၊ ဧပြီ ၁၆ ။        ။ ပါရီမြို့ရဲ့ အထင်ကရ သမိုင်းမှတ်တိုင်ဖြစ်တဲ့ နော်တာဒမ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးမှာ ဧပြီ ၁၅ ရက်က မီးအကြီးအကျယ် လောင်တာကြောင့် မီးသတ်သမားတွေဟာ မီးကို ငြိမ်းသတ်ခဲ့ရပါတယ်။

တစ်နာရီကြာ လောင်ကျွမ်းတဲ့ ဒီ မီးလောင်မှုကြီးမှာ ဘုရားကျောငး်ရဲ့ ခေါင်ချွန်းဟာ မြေပေါ်ပြိုကျပြီး ပျက်စီးခဲ့ပြီး မီးသတ်သမားတွေနဲ့ မီးကို ကြိုးစားငြိှမ်းသတ်လို့ သမိုင်းဝင် ဘုရားကျောင်းကြီးတစ်ခုလုံး မဆုံးရှုံးရအောင် ကယ်တင်လိုက်နိုင်တာပါ။

မီးလောင်ခဲ့တဲ့ နော်တာဒမ်ဘုရားကျောင်းကြီးကို ပြန်လည်တည်ဆောက်မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်က ပြောပါတယ်။ ဘုရားကျောင်းကြီးတစ်ခုလုံး လောင်ကျွမ်းပြိုကျသွားနိုင်တဲ့ ဒီမီးဘေးကြီးမှာ အဆိုးဆုံးကို ရှောင်ရှားနိုင်တာအတွက် စိတ်သက်သာရာ ရကြောင်းလည်း ၎င်းက ဖော်ပြပါတယ်။

ယူနက်စကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင် နှစ်သက်တမ်း ၈၅၀ ရှိတဲ့ နော်တာဒမ်ဘုရားကျောင်းကြီးရဲ့ အမိုးခေါင်ချွန်းဟာ မီးလောင်ကျွမ်းတာကို ကြည့်ရှုနေကြသူတွေရဲ့ မျက်စိရှေ့မှောက်မှာတင် ပြိုကျပျက်စီးခဲ့တာပါ။

အီစတာပွဲတော် ကျင်းပဖို့ ပြင်ဆင်နေကြချိန်မှာ ခုလို ဘုရားကျောင်းကြီး မီးလောင်တာဖြစ်ပြီး အံ့သြမှင်သက်နေကြတဲ့ ပါရီမြို့ခံတွေနဲ့ ခရီးသွားတိုးရစ်တွေဟာ ဘုရားကျောင်းကြီး မီးလောင်နေတာကို စိတ်မကောင်းစွာ ကြည့်ရှုနေခဲ့ကြပါတယ်။

အမှောင်ပျိုးချိန်မှာ စတင်လောင်ကျွမ်းတဲ့ ဒီမီးကြီးကို မီးသတ်သမား ၄၀၀ နီးပါးနဲ့ ငြိှမ်းသတ်ခဲ့တာကြောင့် မီးကို ထိန်းချုပ်လိုက်နိုင်ပြီး ဘုရားကျောင်းကြီးကို လုံးလုံး မဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

“နော်တာဒမ် ဘုရားကျောင်းကြီးရဲ့ ပင်မအဆောက်အအုံကို ကာကွယ်လိုက်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါအပြင်လည်း နန်းမြင့်နှစ်ဆောင်ကိုလည်း မီးလောင်မပျက်စီးအောင် ကာကွယ်လိုက်နိုင်ပါတယ်။”လို့ ပါရီမီးသတ်ဌာနအကြီးအကဲ ဂျင်းကလော့ဂါလက်က ပြောခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပါဘူး။ ဘုရားကျောင်းကြီး ပြန်လည်မွမ်းမံပြင်ဆင်ရေးကို တက်သုတ်ရိုက် ဆောင်ရွက်နေချိန် ခုလို မီးလောင်တာဖြစ်ပြီး ဒီလို ဆောင်ရွက်ရာကနေ မီးလောင်တာဖြစ်နိုင်တယ်လို့ မီးသတ်ဌာနက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required