အဖိုးနှုန်းနည်းသော နေအိမ်ခန်းများ တည်ဆောက်ရန် ကြိုးစားနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော 

အဖိုးနှုန်းနည်းသော နေအိမ်ခန်းများ တည်ဆောက်ရန် ကြိုးစားနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော 
ဓာတ်ပုံ - သူရ/မဇ္စျိမ

ရန်ကုန်၊ ဧပြီလ ၁၅ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ အိမ်ငှားနေရသည့် ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး တစ်လလျှင် ကျပ်ရှစ်သောင်းခန့် ပေးသွင်းရုံဖြင့် အိမ်ခန်းများ ပိုင်ဆိုင်နိုင်ရန် တိုင်းအစိုးရမှ ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

အဆိုပါ အကြောင်းအရာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Sky Net နှင့်တွေ့ဆုံအင်တာဗျူးတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူး ဗွီဒီယိုဖိုင်ကို ဦးဖြိုးမင်းသိန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)က တင်ထားခြင်းဖြစ်သည်။ 

“ဒီနောက်ပိုင်းအခြေအနေတွေပေါ်မှာ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့ အခြေအနေလေးတွေရှိပါတယ်။ ဒါကတော့ ချေးငွေကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့ လာရောက်မြှုပ်နှံမယ့်သူတွေကို ကျွန်တော်တို့ ဖိတ်ခေါ် နေပါတယ်။ ဒီလူတွေက ရေရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျွန်တော်တို့ နေစရာမရှိတဲ့ ပြည်သူတွေကို နေရာချ ထားပေးနိုင်ပြီး သူတို့ဟာ ရေရှည်ငွေကြေးအားဖြင့် ၇ သောင်း၊ ၈ သောင်းလောက်ပြန်ဆပ်နိုင်လောက်မှုနဲ့ သူတို့ရဲ့ အိမ်ခန်းကို လစဉ်ပြန်ဆပ်မယ်ဆိုရင် သူတို့နေထိုင်ခွင့်ရသွားနိုင်တဲ့ အခြေအနေမျိုး ကျွန်တော်တို့ ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

ထိုသို့ ကျူးကျော်နေထိုင်သူများ နေအိမ်တိုက်ခန်း ပိုင်ဆိုင်နိုင်ရေးအတွက်  ကနဦးအနေဖြင့် ရန်ကုန်တိုင်း အတွင်းရှိ ကျူးကျော်စာရင်းများကို ကောက်ယူခဲ့သည်။

“ကျွန်တော်တို့ ရန်ကုန်မှာ လာရောက်နေထိုင်ကြတဲ့၊ လာရောက်အလုပ်လုပ်ကြတဲ့ သူတွေအားလုံးကို အဆင်ပြေချောမွေ့စေလိုပါတယ်။ သူတို့ရဲ့နေရေးဟာ အရေးကြီးပါတယ်။ လူ့ဘဝမှာ စားဝတ်နေရေးဟာ အရေးကြီးဆုံးကဏ္ဍတစ်ခုမှာရှိပါတယ်။ ဒါကြောင့်မို့လို့ နေရေးအဆင်ပြေဖို့အတွက် ကျွန်တော်တို့ ကျူးကျော် စာရင်းကို ကောက်ယူခဲ့တယ်။ နေစရာမရှိတဲ့သူတွေကို အဆင်ပြေအောင်ကျွန်တော်တို့ ဖန်တီးပေးချင်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ 

သို့ရာတွင် ကျူးကျော်နေထိုင်သူများအပါအဝင် ပြောင်းရွှေ့လုပ်သားများ၊ အိမ်ငှားဖြင့် နေထိုင်နေရသည့် ဝန်ထမ်းများအတွက် အိမ်ခန်းများ တည်ဆောက်ပေးနိုင်သည့်အင်အား တိုင်းအစိုးရဘတ်ဂျက်ထဲ မရှိသဖြင့် နှစ်ရှည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“ဒီလိုရင်းနှီးမြှုပ်နှံဖို့အတွက်ဆိုရင် ကျွန်တော်တို့ နိုင်ငံတွင်းက စီပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများဟာ နှစ်ရှည် ရင်းနှီးမြှုပ်နှံလောက်တဲ့ အခြေအနေမရှိပါဘူး။ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကို ၃ နှစ်လောက်ပဲသူတို့ ထားပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ နေစရာမရှိတဲ့ ပြည်သူတွေကတော့ ၁၅ နှစ်၊ ၁၅ နှစ်နဲ့ အထက်လောက် ချေးငွေစနစ်နဲ့ အရစ်ကျပေးသွင်းနိုင်တဲ့ အခြေအနေမျိုးဆိုရင် သူတို့ နေနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းအင်တာဗျုးတွင် ထည့်သွင်းပြောဆိုထားသည်။ 

“ဒါကြောင့် မို့ နှစ်တိုလေးအတွင်းမှာ ပြန်ဆပ်နိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ ရတဲ့ လစာငွေဟာ အိမ်ခန်း တစ်ခန်းရရှိဖို့၊ နေစရာ စရာတစ်ခုရရှိဖို့အတွက် သက်သက်မဟုတ်ပါဘူး။ သူတို့ရဲ့ လူမှုဘဝအတွက် စားဝတ်နေရေးတွေ အတွက် လိုအပ်နေပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ နှစ်ရှည်ချေးငွေနဲ့ လုပ်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေရတဲ့အတွက် ကြန့်ကြာမှုတွေ ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေရတာလည်း ခက်ခဲပါတယ်”ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စုပေါင်း ၁ သိန်းခွဲခန့်ရှိပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံး ဖြစ်သည်။

ကန်ထရိုက်တာ အများစုက ရန်ကုန်တိုင်းအစိုးရအနေဖြင့် ဘတ်ဂျက်ချပေးမည်ဆိုပါက ထိုသို့ အဆောက် အဦများကို တည်ဆောက်ပေးနိုင်ကြောင်း၊ တည်ဆောက်မှုပြီးစီးပါက အခန်းများကို ပြန်အပ်သွားမည်ဖြစ် ကြောင်း ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

“ဒါဆိုရင်တော့ ကျွန်တော်တို့အများကြီးတည်ဆောက်နိုင်တဲ့ အခြေအနေမရှိပါဘူး”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly