မန္တလေးတိုင်းအတွင်း သင်္ကြန်အကျနေ့တွင် လူ ၁၃ ဦးသေဆုံး

မန္တလေးတိုင်းအတွင်း သင်္ကြန်အကျနေ့တွင် လူ ၁၃ ဦးသေဆုံး
မန္တလေးသင်္ကြန်တွင် လုံခြုံရေးစစ်ဆေးနေစဉ်။ ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၅ ။  ။ မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း သင်္ကြန်အကျနေ့က ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှုသေခင်း ဖြစ်စဉ်များအရ လူ ၁၃ ဦးသေဆုံးခဲ့ပြီး ၁ဝ၅ ဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရသူများမှာ ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့တွင် မန္တလေး ဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံ၊ မီတ္ထီလာဆေးရုံ၊ ကျောက်ဆည်ဆေးရုံ၊ မြင်းခြံဆေးရုံ၊ ရမည်းသင်းဆေးရုံ၊ ညောင်ဦး ဆေးရုံများသို့ ရောက်ရှိလာသော အရေအတွက်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်း က သတင်းထုတ်ပြန်ထားသည်။

သင်္ကြန်အကျနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ် တိုက်မှုကြောင့် အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေမှုသေခင်းအရ ၄ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့တွင် မန္တလေး၌ ခိုးမှု/ ခါးပိုက်နှိုက်မသင်္ကာမှုအပါအဝင် အမှု ပေါင်း ၂၄ မှုထိဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ကလည်း မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း ခိုက်ရန်ဖြစ်ပွား မှုနှင့် ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၃၄ ဦးထိ ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly