ချင်းတွင်းမြစ် ဖြတ်ကူးသည့် လူ ၄ဝ ခန့်ပါ စက်လှေနစ်မြှုပ်၊ တစ်ဦး သေဆုံး

ချင်းတွင်းမြစ် ဖြတ်ကူးသည့် လူ ၄ဝ ခန့်ပါ စက်လှေနစ်မြှုပ်၊ တစ်ဦး သေဆုံး
ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၅ ။   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း လူ ၄ဝ ခန့်လိုက်ပါလာသော စက်လှေတစ်စီး ဖြတ်ကူးစဉ် နစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုမှာ ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)၊ နံနက် ၁ဝ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူးတို့စက်လှေမှာ မုံရွာကမ်းဘက်မှ ညောင်ပင်ကြီးဇာက်ဆိပ်သို့ကူးရာ လှေဝမ်းအတွင်းသို့ ရေဝင်ရောက်ကာ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းနစ်မြုပ်မှုကို သွားရောက်ကူညီခဲ့သည့် မီးသတ်တပ်ဖွဲ့မှ ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁ဝ နာရီ၊ ၄ဝ မိနစ်ခန့်တွင် နစ်မြုပ်ကူးတို့ စက်လှေ ပေါ်ပါ နစ်မြုပ်သူ ၃၆ ဦးအား ကယ်တင်နိုင်ခဲ့သည်။ ရေနစ်မြုပ်သူ ၆ ဦးအနက် ၅ ဦး(မစိုးရိမ်ရ)နှင့် သေဆုံးသူ အမျိုးသမီး ၁ ဦးတို့အား နံနက် ၁၁ နာရီတွင် မုံရွာခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်၊ အုပ်ချုပ်မှုယာဉ်ဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စက်လှေနစ်မြုပ်မှုကို ရှာဖွေကယ်ဆယ်ရေး ရေယာဉ် ၄ စီး၊ အရပ်ဘက်စက်လှေ ၃ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး၊ ကြက်ခြေနီ ၁ဝ ဦး၊ လူမှုကူညီရေးအသင်းမှ ၁ဝ ဦးနှင့် ပြည်သူတို့ဖြင့် ရှာဖွေကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required