သင်္ကြန်တွင်း၌ ကြားကား ပြေးဆွဲပြီး ခရီးသည်ကို ဓားထောက်လုယက်

သင်္ကြန်တွင်း၌ ကြားကား ပြေးဆွဲပြီး ခရီးသည်ကို ဓားထောက်လုယက်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီလ ၁၅ ။     ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် တစ်ဦးလျှင် ကျပ် ၁ဝဝဝ ဖြင့်  ပြေးဆွဲသော လိုက်ထရပ်ယာဉ် ပေါ်ပါ လူ ၃ ဦးက ခရီးသည် ၂ ဦးကို ဓားထောက်လုယက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့)၊ နံနက် ၂ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်သူများက ထွက်ပြေးသွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ၂ ရပ်ကွက်နေ သန်းနိုင်ဦး (၂၃)နှစ်နှင့် ဆက်နိုင်ဝင်း(၂၂)နှစ်တို့ ၂ ဦးသည် အလုံမြို့နယ်မှ သမိုင်းရပ်ကွက်သို့ ကမ်းနားလမ်းအတိုင်း ပြေးဆွဲသော လိုက်ထရပ်ယာဉ်(စိစစ်ဆဲ)အား ၁ ဦး လျှင် ၁ဝဝဝ ကျပ်ဖြင့် လိုက်ပါစီးနင်းခဲ့သည်။

ထိုသို့ စီးနင်းခဲ့ရာတွင် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းဆုံမီးပွိုင့်အရောက်၌ ယာဉ်ပေါ်ပါလာသည့် ယာဉ် နောက်လိုက် (စိစစ်ဆဲ) ပါ ၃ ဦးတို့မှ ၎င်းတို့နှစ်ဦးအား ဓားဖြင့်ထောက်၍ Samsung အမျိုးအစားပါ ဖုန်း ၃ လုံး၊ နာရီ ၁ လုံး၊ ငွေစက္ကူရောရာ ၉,ဝဝဝ ကျပ်တို့အား ယူဆောင်ပြီး ကားအား မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့မှ အဆိုပါ လိုက်ထရပ်ယာဉ်နှင့် ဓားထောက်လုယက်မှု ကျူးလွန်ခဲ့သူများကို စိစစ်နေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူ ယာဉ်နောက်လိုက်ပါ ၃ ဦးအား အင်းစိန်မြို့မရဲစခန်းတွင် (ပ)၉၆၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့်တောင်းယူမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly