မြောက်ဦးတွင် မြေကျင်းထဲမှ လက်ပစ်ဗုံး ၁ဝ လုံးတွေ့ရှိဟု ထုတ်ပြန်

မြောက်ဦးတွင် မြေကျင်းထဲမှ လက်ပစ်ဗုံး ၁ဝ လုံးတွေ့ရှိဟု ထုတ်ပြန်
 ဓာတ်ပုံ- ပြည်ထဲရေး

ရန်ကုန်၊ ဧပြီ ၁၅ ။     ။ ရခိုင်ပြည်နယ်၊ လက္ကာကျေးရွာ၊ နေအိမ်ခြံဝင်းအတွင်းရှိ မြေကျင်းထဲမှ လက်ပစ်ဗုံး ၁ဝ လုံး နှင့် တူမီးသေနတ် ၂ လက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ လက်ပစ်ဗုံးများကို ဧပြီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့် အမှတ် (၃၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်တို့ပါပူးပေါင်းအဖွဲ့တို့မှ ရှာဖွေရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဧပြီလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အသုံးပြု၍ ရသေးသော အဆိုပါ လက်ပစ်ဗုံး ၁ဝ လုံးကို ဦးမောင်ဦးကျော်(စိစစ်ဆဲ)၏ နေအိမ်ခြံဝင်းအတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး အုန်းပင်အနီး မြေကျင်းထဲမှ လက်ပစ်ဗုံး ၇ လုံး၊ အိမ်သာအနီး မြေကျင်းထဲမှ လက်ပစ်ဗုံး ၃ လုံး၊ စုစုပေါင်း ၁ဝ လုံးကို သိမ်းဆည်းရမိခဲ့ခြင်းကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

တူမီးသေနတ် ၂ လက်၊ ဝါယာကြိုးခွေ ၁ ခွေတို့ကို ဦးရွှေမောင်(စိစစ်ဆဲ)၏ နေအိမ်ခြံဝင်းအတွင်းမှ ပီနံအိတ်ဖြင့် ထည့်ထားလျက် တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈ဝ ကြား၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံးနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required