ဘုရားဖူးသွားရာ ယာဉ် ချောက်ထဲပြုတ်ကျပြီး ၅ ဦး သေဆုံး၊ ၄၂ ဦး ဒဏ်ရာရ

ဘုရားဖူးသွားရာ ယာဉ် ချောက်ထဲပြုတ်ကျပြီး ၅ ဦး သေဆုံး၊ ၄၂ ဦး ဒဏ်ရာရ

Updated: ဒဏ်ရာ စိုးရိမ်ရသူများကို မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။ 

ဆော ဧပြီ ၁၅ ။      ။ ဆိပ်ဖြူ-ဆောကားလမ်း၌ ဧပြီ ၁၄ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် ဘုရားဖူးလာသည့် အစိမ်းရောင် ၆ ဘီးယာဉ် ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးဝင်းညွန့် မောင်းနှင်သည့် လေးလုံးထိုးမှန်ထောင်အစိမ်းရောင် ၆ ဘီး မော်တော်ယာဉ်ဖြင့် ဆိပ်ဖြူမြို့နယ်၊ ဖလံမကျေးရွာမှ ဆောမြို့နယ် သိန်းကျင်းဘုရားပွဲသို့ ဘုရားဖူးလာရာမှ ဆိပ်ဖြူ -ဆောကားလမ်းမိုင်တိုင်အမှတ်

၅၅/၁ နှင့် ၅၅/၂ အကြား ပြုံကျေးရွာ(ယခင်ရွာဟောင်း)အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူခရီးသည် စုစုပေါင်း ၄၇ ဦးအနက် ဦးအောင်ဝင်း(သ)၅၀ နှစ်၊ဦးထိန်အောင်(သ)၆၅နှစ်၊ မောင်လှမျိုးထက် (သ)၁ဝနှစ်၊ဒေါ်တင်တင်(သ)၆ဝနှစ်တို့တွင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ဒေါ်ခင်နွဲ့(သ)၄၈ နှစ်မှာဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးပြီး ယာဉ်ပေါ်ပါ ကျန် ၄၂ ဦးမှာ ဒဏ်ရာများ ရရှိပြီး ၁၇ ဦး(စိုးရိမ်ရ)၊ ၂၅ ဦး (မစိုးရိမ်ရ) ရကြောင်း သိရသည်။

အဆိုပါခရီးသည်များမှာ ဆိပ်ဖြူမြို့နယ် ဖလံမကျေးရွာမှ ဆောမြို့နယ်၊ သိန်းကျင်းကျေးရွာတွင်သင်္ကြန်အခါ၌ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ်ကျင်းပသည့် သိန်းကျင်းရွှေတန်ဆာစေတီတော်ဘုရားပွဲသို့ ဘုရားဖူးသွားရောက်ကြသူများဖြစ်ကြသည်။

မော်တော်ယာဉ် တိမ်းမှောက်ရာသို့ ဆောမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ဝင်းဦးနှင့်အဖွဲ့၊မြို့နယ်မိးသတ်ဦးစီးဌာနမှ တပ်ကြပ်ဌေးလင်းဦးနှင့်အဖွဲ့၊သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်နှင့်အဖွဲ့၊မြို့ပေါ်ရပ်ကွက်ရှိ လူမှုရေးအသင်းအဖွဲ့များ ရောက်ရှိကြပြီး လိုအပ်သည်များကို ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။

လက်ရှိတွင် မော်တော်ယာဉ်အား မောင်းနှင်သူ ဦးဝင်းညွန့်ကို ဆောမြို့မရဲတပ်ဖွဲ့စခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly