ဆူဒန်စစ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြသူတွေက အရပ်သားအစိုးရကို ချက်ချင်းအာဏာပေးရေး ဖိအားပေးဆန္ဒပြ

ဆူဒန်စစ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြသူတွေက အရပ်သားအစိုးရကို ချက်ချင်းအာဏာပေးရေး ဖိအားပေးဆန္ဒပြ

ခါသွမ်၊ ဧပြီ ၁၅ ။           ။ ဆူဒန်နိုင်ငံက ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ခါသွမ်မြို့က စစ်ရုံးချုပ်အပြင်ဖက်မှာ ယာယီတဲစခန်းတွေထိုးပြီး အရပ်သားအစိုးရကို ချက်ချင်း အာဏာလွှဲပေးရေး တောင်းဆို ဆန္ဒပြလျက် ရှိနေဆဲဖြစ်ပါတယ်။

ခေါင်းဆောင်ဟောင်း အိုမာအယ်လ်ဘာရှားကို ဖြုတ်ချပြီး စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အရပ်သားအစိုးရထံ အာဏာ ချက်ချင်းလွှဲပေးဖို့ ဖိအားပေး တောင်းဆိုနေကြတာပါ။

အသွင်ကူးပြောင်းရေး စစ်ကောင်စီကတော့ ဆန္ဒပြသူတွေကို လူစုမခွဲဘူးလို့ ကတိခံထားသလို အရင်အစိုးရအဖွဲ့ဝင်ဟောင်းတွေကိုလည်း ဖမ်းဆီတာတွေ လုပ်ဆောင်နေပါတယ်။

အတိုက်အခံတွေက လာမယ့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြဖို့ စစ်တပ်ပြောခွင့်ရသူတစ်ဦးက တိုက်တွန်းပြီး ၎င်းတို့ ရွေးချယ်တဲ့သူကို အာဏာလက်လွှဲပေးမယ်လို့ သံန္ဒိဌာန်ပြု ပြောဆိုပါတယ်။

ဆူဒန်နိုင်ငံမှာ ကုန်စည်စျေးနှုန်းတွေ ကြီးမြင့်တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလကစလို့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လများစွာ တည်ငြိမ်မှု ကင်းမဲ့ခဲ့ပါတယ်။ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူလည်း ၃၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။

ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကြောင့် ရေရှည်အုပ်စိုးလာသူ သမ္မတ အိုမာဘာရှားကို စစ်တပ်က ကြာသပတေးနေ့က ဖယ်ရှားလိုက်ပြီး အာဏာသိမ်းခဲ့တာပါ။
အတိုက်အခံ ပါတီတွေ သဘောတူတဲ့ ဘယ်လိုအရပ်သားအစိုးရမျိုးကိုမဆို အာဏာအပ်ဖို့ အသင့်ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ရှိမ်းအက်ဒ်ဒင်ရှန်တိုက တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ အရပ်သားအစိုးရ ချက်ချင်း မပေါ်ပေါက်မချင်း လမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ မြို့တော် ခါသွမ်က စစ်ရုံးချုပ်အပြင်ဖက်မှာလည်း ထိုင်သပိတ် ဆက်လက်ဆင်နွှဲလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly