မန္တလေးတိုင်းအတွင်း သင်္ကြန်အကြိုနေ့တွင် ၃ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း သင်္ကြန်အကြိုနေ့တွင် ၃ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရ
Photo: Mandalay Police

ရန်ကုန်၊ ဧပြီ ၁၄ ။         ။ မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း သင်္ကြန်အကြိုနေ့က ခိုက်ရန်ဖြစ်ပွားမှုနှင့် ယာဉ်တိုက်မှုကြောင့် ၃ ဦး သေဆုံးပြီး ၃၄ ဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရသူများမှာ ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော အရေအတွက်ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဧပြီလ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

သင်္ကြန်အကြိုနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ် တိုက်မှုကြောင့် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့တွင် မန္တလေး၌ ခိုးမှု/ ခါးပိုက်နှိုက်မသင်္ကာမှုအပါအဝင် အမှု ပေါင်း ၁၀ မှုထိဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ဖြစ်ပွားခဲ့သည့်အမှုများမှာ နာကျင်စေမှု ၁ မှု၊ ကျန်အခြားအမှု ၂ မှု၊ လက်နက်မှု ၅ မှု၊ ယစ်မျိုးဖမ်းဆီးရမိမှု ၁ မှု၊ ခိုးမှု/ ခါးပိုက်နှိုက်မသင်္ကာမှု ၁ မှု၊ စုစုပေါင်း ၁၀ မှုထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

မန္တလေးရဲတပ်ဖွဲ့မှ ရေကစားနေသူများ၏ လုံခြုံရေးအတွက် ဧပြီလ ၁၄ ရက်နေ့(သင်္ကြန်အကျနေ့)တွင် မန္တလေး မြို့ဝင်ဂိတ်များဖြစ်သော မတ္တရာ−မန္တလေးလမ်းပေါ်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်−မန္တလေးလမ်းပေါ်ရှိ (၁၆)မိုင်စစ်ဆေးရေး ဂိတ်၊ ကျောက်ဆည်−မန္တလေးလမ်းပေါ်ရှိ မြစ်ငယ်တံတား စစ်ဆေးရေးဂိတ်၊ တံခွန်တိုင် အဝိုင်း၊ စစ်ကိုင်း−မန္တလေး စစ်ကိုင်းတံတားထိပ်နှင့် ရတနာပုံတံတားထိပ်တို့တွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေသည်။

ထို့အပြင်  မန္တလေးမြို့ပေါ် (၇)မြို့နယ်၊ နေရာ(၁၄) နေရာတို့တွင်လည်း ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ် ဆေးမှုများကို ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required