ONE: Root of Honor ပြိုင်ပွဲကြီးတွင် အသင်းဖော် Martin Nguyen ကို အနီးကပ် ကြီးကြပ်ပေးခဲ့သော အောင်လအန်ဆန်

ONE: Root of Honor ပြိုင်ပွဲကြီးတွင် အသင်းဖော် Martin Nguyen ကို အနီးကပ် ကြီးကြပ်ပေးခဲ့သော အောင်လအန်ဆန်

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြီးစီးခဲ့သည့့် ONE: Root of Honor ပြိုင်ပွဲ တွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် မိတ်ဆွေဖြစ်သူ Martin Nguyen အနီးကပ် ကူညီပံ့ပိုးပေးခဲ့သည် ဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် Martin Nguyen ၏ Corner Man အဖြစ် အောင်လအန်ဆန် က ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး  Nguyen သည် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန်အတွက် စိန်ခေါ်သူ ချန်ပီယံဟောင်း Narantungalag Jadambaa နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရာတွင် အနိုင်ရခဲ့ပြီး ONE ၏ ပထမဆုံး ဝိတ်တန်း ၃ ခု ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Nguyen သည် ONE Championship ၏ သမိုင်းတွင် ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်းချန်ပီယံဆုနှစ်ခုကို တစ်ဦးတည်း ရရှိဖူးသည့် ပထမဆုံးကစားသမားဖြစ်သည်။

“ကျွန်တော်နဲ့ အောင်လနဲ့က သိပ်ကိုရင်းနှီးကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ တန်ဖိုးထားတာတွေမှာ တူညီတာ အများကြီးရှိတယ်။ မိသားစုကို တန်ဖိုးထားတာ၊ ကိုယ်ခံပညာရပ်အပေါ် တန်ဖိုးထားတာတွေ တော်တော်လေးတူကြတယ်” ဟု Martin Nguyen က အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် Nguyen နှင့် အောင်လအန်ဆန်တို့နှစ်ဦးကြားတွင် အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိထားပြီး Martin Nguyen ၏ စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် အောင်လအန်ဆန်သည်၎င်းလေ့ကျင့်လျက် ရှိသော အမေရိကန်သို့ လာရောက်ပူးပေါင်းရန် ဖိတ်ကြားထားသည်။

 “Martin က တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။ သူ့ကို ဘယ်သူကမှ များများစားစား သင်ပြပေးစရာ မလိုပါဘူး။ တတ်လွယ်ပါတယ်။ သူနဲ့ ကျွန်တော် ဂျာကာတာမှာ ကစားတဲ့ပြိုင်ပွဲမှာ စပြီး ရင်းနှီးခဲ့ကြတယ်။ အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ အဆက်အသွယ်တွေ ရှိခဲ့ကြပါတယ်။” ဟု အောင်လအန်ဆန်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ONE:Regin of Valor ပြိုင်ပွဲတွင် ပွဲဦးထွက်နိုင်ပွဲရရှိထားသည့် ချင်းတိုင်းရင်းသား တီရဲလ်ထန်လည်း အောင်လအန်ဆန်နှင့်အတူ လိုက်ပါခဲ့ပြီး Martin Nguyen ယှဉ်ပြိုင်မည့် ပွဲတွင် အားပေးကူညီခဲ့သည်ဟု သိရသည်။ 

ONE: Root of Honor ပြိုင်ပွဲကို ဧပြီ ၁၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး တွဲဆိုင်း ၁၄ တွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly