နေပြည်တော်တွင် ကားအတွင်းမှ ငွေကျပ် သိန်း ၁၉ဝ ခိုးယူခဲ့သူကို ဖမ်းမိ

နေပြည်တော်တွင် ကားအတွင်းမှ ငွေကျပ် သိန်း ၁၉ဝ ခိုးယူခဲ့သူကို ဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၃ ။            ။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကမ္ဘောဇဘဏ်(၁)မှ ထုတ်ယူလာသော ငွေကျပ်သိန်း ၁၉၀ ကို ကားထဲ၌ ထည့်ထားခဲ့စဉ် ခိုးယူသွားခဲ့သူကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူမှာ ပျဉ်းမနားမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် မင်းဆက်မောင်မောင်ဆိုသူဖြစ်ပြီး အိုးရှင်းစင်တာရှိ CCTV မှတ်တမ်းအထောက်အထားများအရ ပြစ်မှု ကျူးလွန်သူ အသုံးပြုသည့် သက်သေခံကားနှင့်အတူ မင်းဆက်မောင်မောင်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီလ ၁၃ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် ပုဗ္ဗသီရိမြို့နယ်နေ ဦးသန်းဇော်စိုးက ဇနီးနှင့် ယောက္ခမ တို့နှင့် အတူ ၎င်းပိုင် Parado ခဲရောင်ယာဉ်ဖြင့် ဥတ္တရသီရိမြို့၊ ကမ္ဘောဇဘဏ်(၁)သို့ သွားရောက်ပြီး ကျပ်သိန်း ၁၉ဝ ထုတ်ယူခဲ့သည်။ ထို့နောက် ကျပ်သိန်း ၁၉ဝ ကို ကမ္ဘောဇဘဏ် တံဆိပ်ပါ အိတ်ဖြင့် ထည့်လျက် ကားနောက်ခန်းခုံခြေရင်း ရှေ့တွင်တင်ကာ အိုးရှင်းစင်တာသို့ စျေးဝယ်ရန်သွားရောက်ခဲ့ပြီး အိုးရှင်းစင်တာ အောက်ရှိ ကားပါကင်တွင် ကားတံခါးသော့ပိတ်လော့ချကာ ရပ်တန့်ထားခဲ့သည်။

ထို့နောက် စျေးဝယ်ပြီး နေအိမ်သို့ ပြန်သွားခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ဦးသန်းဇော်စိုးက ရွှေပုဇွန်မုန့်တိုက်သို့ အဆိုပါ ယာဉ်ဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ရွှေပုဇွန်မုန့်တိုက်အနီးသို့ အရောက်တွင် ကားနောက်ခန်း၌ ထည့် ထားသည့် ငွေထုပ် ပါရှိလာခြင်းမရှိသဖြင့် ဇနီးဖြစ်သူအား ဖုန်းဆက်မေးမြန်းရာ ကားပေါ်မှ ချထားခြင်း မရှိကြောင်း သိရသဖြင့် စုံစမ်းခဲ့ကြောင်း သိရသည်။

စုံစမ်းခဲ့ရာတွင် အိုးရှင်း CCTV မှတ်တမ်းများအရ အိုးရှင်းတွင် စျေးဝယ်ရန် ရပ်ထားစဉ် သော့တုနှင့် ဖွင့်၍ ခိုးယူခံရကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်း တွင် (ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်ခဲ့သည့်အမှုဖြစ်သည်။

အမှုဖွင့်ပြီးနောက် ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာတွင် အိုးရှင်းစင်တာရှိ CCTV မှတ်တမ်းအရ ပြစ်မှုကျူးလွန်သူ အသုံးပြုသည့် ယာဉ်မှာ Honda Fit အနက် ရောင်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက် စုံစမ်းခဲ့ရာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဒက္ခိဏသီရိမြို့၊ ဂျန်းရှင်းစင်တာ တောင်ဘက်၌ မင်းဆက်မောင်မောင်ကို သက်သေခံကားနှင့်အတူ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မင်းဆက်မောင်မောင် ထွက်ဆိုချက်အရ ၎င်းသည် အခင်းဖြစ်နေ့က ဥတ္တရသီရိမြို့၊ ကမ္ဘောဇဘဏ်(၁)တွင် KBZ ATM ကတ်ကို ငွေဖြည့်ပေးပို့လာခြင်း ရှိ/မရှိ စစ်ဆေးပြီး ဘဏ်ဝင်းအတွင်း ရှိနေစဉ် တရားလို ဦးသန်းဇော်စိုးက ငွေအိတ်ဆွဲ၍ ဘဏ်အတွင်းမှ ထွက်လာကာ ၎င်း၏ ဇနီးနှင့်အတူ မော်တော်ယာဉ်ဖြင့် ထွက်သွားသည်ကို တွေ့ရှိရသဖြင့် နောက်မှလိုက်ပါ၍ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဦးသန်းဇော်စိုး၏ ယာဉ်မှာ အိုးရှင်းစင်တာသို့ဝင်ရောက်ပြီး ကားပါကင်တွင် ရပ်တန့်ကာ ယာဉ်အား လော့မချဘဲ ထားခဲ့ပြီး ၎င်းတို့ စင်တာအတွင်းသို့ ဝင်ရောက်နေစဉ် ၎င်းမှ မော်တော်ယာဉ်၏ ယာဘက် နောက်တံခါးကိုလှပ်၍ ငွေထုတ်အား ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် မင်းဆက်မောင်မောင်ထံမှ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဘုရားကုန်းမြို့မရဲစခန်းတွင် (ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly