အယ်လ်ဂျီးရီးယားက ဆန္ဒပြပွဲတွေမှာ ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးထားသူပေါင်း ၁၀၀ ကျော်အထိ ရှိလာ

အယ်လ်ဂျီးရီးယားက ဆန္ဒပြပွဲတွေမှာ ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးထားသူပေါင်း ၁၀၀ ကျော်အထိ ရှိလာ

အယ်လ်ဂျီးယား၊ ဧပြီ ၁၃ ။        ။ အယ်လ်ဂျီးရီးယားနိုင်ငံမှာ အုပ်ချုပ်သူအသိုင်းအဝန်းကို ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြမှုတွေဟာ အဆုံးသတ်မယ့် အရိပ်အယောင် မတွေ့မြင်ရပဲ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာလည်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။

မြို့တော် အယ်လ်ဂျီးယားမှာ ဆန္ဒပြသူတွေက ကြားဖြတ်သမ္မတသစ် အက်ဘ်ဒဲလ်ကာဒါဘန်ဆယ်လက်ရှ်ကို ရာထူးက ဖယ်ရှားပေးရေး တောင်းဆိုဆန္ဒပြနေတာကြောင့် ရဲက ရေအမြောက်တွေ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်းပါတယ်။

ပြီးခဲ့တဲ့ နှစ်လတာမှာ နိုင်ငံတစ်လွှားက မြို့တွေမှာ သောကြာနေ့တိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲနေလျက် ရှိတာပါ။

တာဝန်ရှိသူ ၂၇ ဦး ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာပြီးနောက်မှာတော့ ဒီ စုရုံးဆန္ဒပြတာတွေ အဆုံးသတ်ရေးအတွက် တက်ကြွတဲ့ ဆန္ဒပြသူ ၁၀၈ ဦးအထိ ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ယခင် သမ္မတဟောင်း အက်ဘ်ဒဲလ်လာဇစ်ဘော့တီဖလီကာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးက နုတ်ထွက်လိုက်ရတာ ဖြစ်ပါတယ်။ သူ့နေရာမှာ ဘန်ဆယ်လက်ရှ်ကို အစားထိုးခန့်အပ်ခဲ့ပြီး ဘန်ဆယ်လက်ရှ်က ဇူလိုင် ၄ ရက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိခံထားပေမယ့် ၎င်းဟာလည်း သမ္မတဟောင့် ဘော့တီဖလီကာနဲ့ အလွန်ရင်းနှီးကျွမ်းဝင်သူလို့ တော်တော်များများက ရှုမြင်ထားကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ မြို့တော် အယ်လ်ဂျီးယားအတွင်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ချီတက်ဆန္ဒပြကြပြီး ‘ဘန်ဆယ်လက်ရှ် အလိုမရှိ’ လို့ ကြွေးကြော်ကြသလို လူမှုမီဒီယာမှာလည်း “ခင်ဗျားတို့ အားလုံး ထွက်သွားရမယ်။”ဆိုတဲ့ ဆောင်းပုဒ်နဲ့ လှုပ်ရှားကြပါတယ်။

ဖွဲ့စည်းပုံအရ ဘန်ဆယ်လက်ရှ်အနေနဲ့ ကြားဖြတ်သမ္မတအဖြစ် ရက် ၉၀ ကြာ တာဝန်ထမ်းရမှာဖြစ်ကာ လာမယ့်ရွေးကောက်ပွဲမှာလည်း ယှဉ်ပြိုင်ခွင့် မရှိပေမယ့် ဆန္ဒပြသူတွေကတော့ နုတ်ထွက်ပေးရေးပဲ ဆက်လက်တောင်းဆိုနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly