ဗြိတိသျှတို့ရဲ့ အမ်ရစ်ဆာ လူအစုအပြုံလိုက်သတ်ဖြတ်မှု နှစ် ၁၀၀ ပြည့် အိန္ဒိယမှာ ပြုလုပ်

ဗြိတိသျှတို့ရဲ့ အမ်ရစ်ဆာ လူအစုအပြုံလိုက်သတ်ဖြတ်မှု နှစ် ၁၀၀ ပြည့် အိန္ဒိယမှာ ပြုလုပ်

နယူးဒေလီ၊ ဧပြီ ၁၃ ။        ။ ဒီကနေ့ စနေနေ့မှာဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ကိုလိုနီဗြိိတိသျှတပ်တွေရဲ့ အမ်ရစ်ဆာလူအစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ နှစ်တစ်ရာ ပြည့်မြောက်တဲ့ နေ့ပဲ ဖြစ်ပါတယ်။

ကိုလိုနီအုပ်ချုပ်ရေးခေတ် ၁၉၁၉ ဧပြီ ၁၃ ရက်မှာ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး အမ်ရမ်ဆာမြို့က ထွက်ပေါက်တစ်ခုတည်းသာရှိပြီး နံရံမြင့်တွေ ကာရံထားတဲ့ ဂျေလီယန်ဝါလာဘတ်ချ်ကွင်းလယ်မှာ လူ တစ်သောင်းခန့် စုဝေးဆန္ဒပြကြပါတယ်။

ဗြိတိသျှကိုလိုနီတပ်တွေဟာ တစ်ပေါက်တည်းသော ဝင်ပေါက်ကို ပိတ်ဆို့ပြီး လက်နက်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်ကိုပါ ပစ်ခတ်သတ်ဖြတ်တဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာပါ။

ဂျေလီယန်ဝါလာဘတ်ချ် လူအုပ်လိုက်သတ်ဖြတ်ခံရမှုလို့လည်း ခေါ်ကြတဲ့ အမ်ရမ်ဆာလူသတ်ပွဲနေ့ နှစ် ၁၀၀ ပြည့် ပြုလုပ်ရာမှာ ဒီကနေ့မှာတော့ အိန္ဒိယ အတိုက်အခံကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင် ရာဟူးလ်ဂန္ဓီက ဂျေလီယန်ဝါလာဘတ်ချ်ကွင်းဆီ အထိမ်းအမှတ် လာရောက်ခဲ့တာကို တွေ့ရပါတယ်။

ရာဟူးဂန္ဓီဟာ ကျင်းပနေပြီဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာရေးအတွက် ယှဉ်ပြိုင်လျက် ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

အိန္ဒိယဆိုင်ရာ ဗြိတိန်ကော်မရှင်နာမင်းကြီး ဆာဒေါမနစ်ကလည်း အမ်ရမ်ဆာ ရာပြည့်အထိမ်းအမှတ်အတွက် လာရောက်ဂါရဝ ပြုခဲ့ပါတယ်။

အိန္ဒိယမှာ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးခေတ်ရဲ့ အမည်းစက်ကြီး တစ်စက်အဖြစ် စွန်းထင်းနေဆဲဖြစ်တဲ့ ဒီလူသတ်ပွဲကြီးအတွက် ဗြိတိန်ခေါင်းဆောင်တွေဟာ နှစ်စဉ် တောင်းပန်မှု ပြုကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဗြိတိသျှတပ်တွေရဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှုအတွက် ယူကြုံးမရဖြစ်ရကြောင်း ဗုဒ္ဓဟူးနေ့ကတည်းက ထုတ်ဖော်ပြောပါတယ်။ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျာရီမီကိုဘင်းကလည်း အပြည့်အဝ ဦးညွတ်တောင်းပန်မှုအတွက် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အမ်ရမ်ဆာ လူအစုအပြုံလိုက် သတ်ဖြတ်မှုအတွင်း သေဆုံးသူဦးရေကို ကျိန်းသေတိကျစွာ မသိရပေမယ့် ကိုလိုနီခေတ်မှတ်တမ်းတွေမှာတော့ လူပေါင်း ၄၀၀ ကျော် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံကတော့ လူ ၁၀၀၀ နီးပါးအထိ သေဆုံးတယ်လို့ အတည်ပြုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly