မြန်မာဒါရိုက်တာ ကိုပေါက် ဦးဆောင်ပြီး အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ သွားရောက်မည်

မြန်မာဒါရိုက်တာ ကိုပေါက် ဦးဆောင်ပြီး အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ သွားရောက်မည်

ရန်ကုန်၊ အောက်တိုဘာ ၅ ။      ။ နှစ်စဉ် နှစ်တိုင်း ဂျပန် နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဒါရိုက်တာ ကိုပေါက် အပါအဝင် အဖွဲ့ဝင် ၁၀ဦးမှ ဂျပန်နိုင်ငံသို့ သွားရောက်ကြမည်ဖြစ်သည်။  

အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံတွင် ၉ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ နှစ်စဉ် နှစ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်မှာတော့ ဒါရိုက်တာ ကိုပေါက် ဦးဆောင်ပြီး အဖွဲ့ဝင် ၉ဦး ရိုက်ကူး ထားသည့် ဇာတ်ကား ၃ကားဖြင့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၅ အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၂၈ရက်တွင် ဂျပန်နိုင်ငံ ခိတမိမြို့တွင် ကျင်းပမည် ဖြစ်ပြီး ယခုနှစ်တွင် "ကျွနု်ပ်ပျော်ရွှင်မှုကို ခံစားရသော အချိန်" ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းကမ်းချက်များမှာ Home Video ဖြင့် ရိုက်ကူးထားပြီး မည်သည့်နေရာတွင်မှ ထုတ်လွှင့်ထားခြင်း မရှိသည့် ၃မိနစ်စာ(အတိအကျ) ဇာတ်လမ်းတို ဖြစ်ရမည်။ Subtitle စာတမ်း မထိုးထားသည့် ဇာတ်လမ်းတို ဖြစ်ရမည်။

လက်ရာများကို တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း၊ အများစုပေါင်း လုပ်ဆောင်ပြီးသော် လည်းကောင်း၊ ဖန်တီးခွင့်ရှိသည်။ သို့ရာတွင် တစ်ဖွဲ့တွင် အဖွဲ့ခေါင်းဆောင် တစ်ဦး အပါအဝင် စုစုပေါင်း သုံးဦးထက် မများစေရ၊ တစ်ဖွဲ့မှ လက်ရာ တမျိုးစီသာ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိသည်။

ခင်မင်ရင်းနှီးမှုနှင့် ဝါသနာ၊ သဘာဝပတ်ဝန်းကျင် ပြဿနာများနှင့် ငလျင် အစရှိသည့် သဘာဝဘေးအန္တရာယ်များ၊ စစ်ပွဲ အစရှိသည့် မိမိနှင့် အနီးတစ်ဝိုက်တွင် ရှိနေသည့် ကဏ္ဍများမှ တဆင့် Global Theme များအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် ရိုက်ကူးစေလိုသည်။

တစ်နိုင်ငံ၊ တစ်ဒေသမှ လက်ရာ သုံးမျိုးအထိ လက်ခံပြီး မြန်မာနိုင်ငံမှ ဖိတ်ခေါ်မည့် ဦးရေမှာ ၁၀ဦး(အဖွဲ့ဝင် ၉ဦး၊ အုပ်ထိန်းသူ ၁ဦး) ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် မြန်မာလူမျိုး ဖြစ်ရမည်။ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။ ပြိုင်ပွဲဝင်များသည် အထက်တန်းကျောင်းသား နှင့်အထက် (၁၅နှစ်မှ ၁၇နှစ်ကြား) ဖြစ်ရမည်။

ပြိုင်ပွဲဝင်များသည် JENESYS , KIZUNA သို့မဟုတ် ဂျပန် အစိုးရ အစီအစဉ်ဖြင့် ဂျပန် သွားဖူးသူ မဖြစ်စေရ အုပ်ထိန်းသူသည် အသက် ၅၀အောက် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည် စသည့် စည်းကမ်းချက်များ ပါဝင်သည်။

ဒါရိုက်တာကိုပေါက် ဦးဆောင်သွားရောက်မည့် အဖွဲ့သည် နိုဝင်ဘာ ၂၂ရက်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်ကေခိုင်စိုး ဦးဆောင်ပြီး ဇာတ်ကား ၂ကားဖြင့် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့မှ ဂျပန် မြို့တော်ဝန် ရွေးချယ်သည့်ဆု နှင့် ဂျပန်နိုင်ငံ နိုင်ငံရေးဝန်ကြီးဌာနမှ ရွေးချယ်သည့်ဆု စသည့် ဆု နှစ်ဆုကို ရရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly