သေကြောင်းကြံစည်မှု နယ်မြေကနေ ကမ္ဘာ့အပျော်ရွှင်ဆုံးဒေသဖြစ်လာတဲ့ ဖင်လန်နိုင်ငံ

သေကြောင်းကြံစည်မှု နယ်မြေကနေ ကမ္ဘာ့အပျော်ရွှင်ဆုံးဒေသဖြစ်လာတဲ့ ဖင်လန်နိုင်ငံ
Photo: AFP

ဗန်တား၊ ဧပြီ ၁၃ ။    ။ ပြီးခဲ့တဲ့လက ကုလသမဂ္ဂဟာ ဖင်လန်နိုင်ငံကို ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဒုတိယအကြိမ် ရွေးချယ်သတ်မှတ်လိုက်ချိန်မှာ အံ့သြမှင်တက်မှုတွေ ရှိနေပါမယ်။

ကြမ်းတမ်းဆိုးဝါးလွန်းတဲ့ ရာသီဥတုနဲ့ ကိုယ်ကိုကို သေကြောင်းကြံစည် သတ်သေမှုနှုန်း မြင့်မားတယ်လို့ သိရတဲ့ နော်ဒစ်တစ်နိုင်ငံဟာ ဘယ်လိုများ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်လာရပါသလဲ။

နိုင်ငံတကာ နှိုင်းယှဉ်ချက်တွေက အချက်အလက် ယိုပေါက်တွေကြောင့် ဘယ်လိုပဲ မပြည့်စုံပါစေ ၁၉၉၀ တရားဝင်စာရင်းဇယားတွေမှာတော့ ဖင်လန်နိုင်ငံဟာ ဟန်ဂေရီပြီးရင် ကမ္ဘာမှာ ကိုယ်ကိုကို သတ်သေမှု အများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။

ဖင်လန်ရဲ့ မှောင်မိုက်စိုစွတ်ပြီး အေးစက်တဲ့ ရာသီဥတု၊ စစ်ပြီးခေတ်မြို့တွေ စတာတွေဟာ ကိုယ်ကိုကို သေကြောင်းကြံကြတာအတွက် အပြစ်လို့ ပြောချင်နေတာကို အမျိုးသား ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆိုင်ရာအသင်းက ပါမောက္ခ တီမိုပါတွန်နန်က လက်သင့်မခံဘဲ သတိပေးပါတယ်။

“ကမ္ဘာ့ ဘယ်နေရာ ဘယ်ဒေသမဆိုမှာ တစ်ဦးဦးဟာ စိတ်ဓာတ်ကျ ဝေဒနာ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ သေကြောင်းကြံစည်ဖို့ ဘေးရှိနေတာပဲ။ လူမှုဆက်သွယ်ဆက်ဆံရေးကသာ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ကူညီဖေးမမှုတွေ ရရှိနိုင်တာက အရေးကြီးဆုံးပဲ ဖြစ်ပြီး နွေးထွေးမှု မရှိတဲ့ လူအသိုင်းအဝန်းမှာ ကိုယ်ကိုကို သေကြောင်းကြံစည်ဖို့ ဘေးပိုများပါတယ်။”လို့ ပါမောက္ခ တီမိုက ပြောပါတယ်။

လက်ရှိကာလမှာတော့ ဖင်လန်နိုင်ငံမှာ ကိုယ်ကိုကို သတ်သေမှု နှုန်းထားဟာ ၁၉၉၀  နှုန်းထားထက် တစ်ဝက်လောက် ကျဆင်းသွားခဲ့ပါပြီ။ ဒါဟာ ဆယ်စုနှစ်ကြာ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကနေ ကောင်းမွန်တိုးတက်တဲ့ ပြုစုကုသမှုပေးမှုတွေကို အများအားဖြင့် ကျေးဇူးတင်ရမှာပါ။ ဒါအပြင်လည်း သေကြောင်းကြံစည်မှု ဘေးများတဲ့သူတွေကို ကူညီဖေးမခြင်းတွေအပြင် မီဒီယာတွေကလည်း ဒီအရေးကို တာဝန်ခံမှုအပြည့်နဲ့ သတင်းတင်ဆက်မှုတွေကြောင့်လည်း ပါပါတယ်။

လက်ရှိကာလမှာတော့ ဖင်လန်နိုင်ငံမှာ အထူးသဖြင့် အမျိုးသားတွေအတွက်လည်း ကိုယ်ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောနိုင်လာတဲ့ လူမှုအဆောက်အအုံ ဖွဲ့တည်မှုက ပိုပြီးနွေးထွေးလာခဲ့ပါပြီ။ “ဥပမာပြရရင် ဒီကနေ့ ကာလမှာ စိတ်ဓာတ်ကျဆင်း ဝမ်းနည်းညှိးငယ်နေတယ်ဆိုရင် အလွယ်တကူပဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်လာပြီ။ ဒီအတွက် သင့်တော်တဲ့ ကုသမှုကို  အလွယ်တကူ ရရှိလာပြီ ဖြစ်ပါတယ်။”လို့ ပါမောက္ခ တီမိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly