ပါကစ္စတန် သစ်သီးစျေးမှာ အသေခံဗုံးခွဲ၍ လူ ၂၀ သေဆုံး

ပါကစ္စတန် သစ်သီးစျေးမှာ အသေခံဗုံးခွဲ၍ လူ ၂၀ သေဆုံး

ကရာချိ၊ ဧပြီ ၁၂ ။             ။ ပါကစ္စတန်နိုင်ငံ ကီတာမြို့က လူစည်ကားရာ သစ်သီးဝလံစျေးတစ်ခုမှာ ပြင်းထန်တဲ့ အသေခံဗုံးခွဲမှု ဧပြီ ၁၂ ရက်မှာ ဖြစ်ပွားခဲ့ရာမှာ လူ ၂၀ အနည်းဆုံး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရှီးယိုက်ဟာဇာရာ လူနည်းစုတိုင်းရင်းသားတွေကို ပစ်မှတ်ထားဖွယ်ရှိတဲ့ ဒီဗုံးခွဲမှုမှာ စျေးတစ်ခုလုံးလိုလို မီးခိုးဖုံးလွှမ်းခဲ့ပြီး အလောင်းတွေ မြေမှာပြန့်ကျဲနေတာ တွေ့ရသလို ဒဏ်ရာရသူတွေဟာလည်း အကူအညီ တစ်စာစာ အော်ဟစ်တောင်းဆိုနေပါတယ်။

တောင်ပိုင်း ဘာလိုချီစတန်ရဲ့ မြို့တော်မှာ ဖြစ်ပွားတဲ့ ဒီိအသေခံတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် တာလီဘန်ဂိုဏ်းခွဲတစ်ရပ်က ၎င်းတို့ ကျူးလွန်ကြောင်း ကြေညာပါတယ်။

အဲဒီ အဖွဲ့ဟာ ပါကစ္စတန်မှာ ရှီးယိုက်မွတ်စလင်တွေကို အသေအဆုံးများတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ LeJ အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် LeJ အဖွဲ့ကတော့ လတ်တလော အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

အာဖဂန်နစ္စတန်ရယ်၊ အီရန်နိုင်ငံတို့ရယ်နဲ့ နယ်စပ်ချင်းထိစပ်လျက်ရှိတဲ့ ဘာလိုချီစတန်ပြည်နယ်ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးပြည်နယ်နဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစုတွေ၊ ဂိုဏ်းဂဏကွဲပြားမှုတွေနဲ့ ခွဲထွက်ရေးအုံကြွမှုတွေ တင်းကြမ်းပြည့်နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly