အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးရန် အပူတပြင်း ရှာဖွေနေ

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးရန် အပူတပြင်း ရှာဖွေနေ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၂ ။    ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး အပါအဝင် ၃ ဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့မှ အပူတပြင်းရှာဖွေနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးမှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက်မှ ဝန်ထမ်းများ ဖြစ်သော ဦးဆန်နီနှင့် ဦးမျိုးအောင်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦး၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ရဲတပ် ဖွဲ့မှ ဧပြီလ ၁၂ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထွက်ပြေးနေသူ ၂ ဦးအား တွေ့ရှိပါက နီးစပ်ရာရဲစခန်းများသို့ ဆက်သွယ်အကြောင်းကြားပေးရန်နှင့် ကူညီစုံစမ်းပေးရန် ပူးတွဲပါကိုယ်ရေးအချက်အလက်၊ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ဖော်ပြထားခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး(ဖမ်းမိ)အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဧပြီလ ၄ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်း တွင် (ပ)၅၉/၂ဝ၁၉၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉/၆၃ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ထိုသို့ အမှုဖွင့်ရခြင်းမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ကွက်ကြီး(A)ရှိ ပိတ်ထားသည့်(Adit)အတွင်းမှ အေးကိုပါ (၁ဝ)ဦးတို့အား ဖမ်းဆီးရမိခဲ့၍ ရမည်းသင်းမြို့မရဲစခန်း (ပ)၂၇/၂၀၁၉၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ၆(၁) ဖြင့် အမှုဖွင့်တိုင်ကြားခြင်းနှင့် ပတ်သက်နေသည်။

ဖြစ်စဉ်မှာ ရမည်းသင်းအကျဉ်းထောင်တွင် အမှုဖြင့် ချုပ်နှောင်ထားရှိသော အေးကိုပါ(၁ဝ)ဦးထံသို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများ ဖြစ်သော ဦးဆန်နီနှင့် ဦးမျိုးအောင်တို့(၂)ဦးကို စေလွှတ်ခဲ့ကာ သတ္တုတွင်းဝန်ထမ်းနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များကို ငွေပေးပြီးမှ သတ္တုခိုးတူးခြင်းဖြစ်ကြောင်း၊ အမှုသက်သာအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးရန် သွားရောက်စေခိုင်းသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့နောက် ဦးထွန်းအောင်စိုးက ၎င်းတို့ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအဖွဲ့(၈)ဖွဲ့၏ အမည်ကို အလွဲသုံးစားပြုကာ သတ္တုတွင်းဝန်ထမ်းများ နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ငွေကြေးများ ရယူ ထားကြောင်း တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းတိုင်ကြားစာများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးခဲ့ရာ မမှန်မကန်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထွန်းအောင်စိုးပါ(၃)ဦးအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးကောင်းဇော်သန့်က ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းတွင် (ပ)၅၉/၂ဝ၁၉၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉/၆၃ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly