YBS ယာဉ်စီးရေ ၁ဝဝဝ နီးပါးဖြင့် သင်္ကြန်ကာလ ပြေးဆွဲမည်

YBS ယာဉ်စီးရေ ၁ဝဝဝ နီးပါးဖြင့် သင်္ကြန်ကာလ ပြေးဆွဲမည်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီလ ၁၂ ။     ။ သင်္ကြန်ကာလတွင် ရန်ကုန်မြို့အတွင်း သွားလာရအဆင်ပြေစေရန်အတွက် YBS ယာဉ်စီးရေ ၁ဝဝဝ နီးပါးကို ပုံမှန်စျေးနှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းပေါင်း ၇၃ လိုင်း၊ ယာဉ်အစီးရေ ၆၇၃ စီးဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဉ်စီးခမှာ အပြောင်းအလဲမရှိဘဲ ယခင်နှုန်းထားအတိုင်းဖြစ်ကြောင်း သိရသည်။

" ပြေးဆွဲမဲ့အချိန်တွေကတော့ ခါတိုင်းလိုပါပဲ။ ထူးထူးခြားခြားသတ်မှတ်ထားတာမရှိဘူး။ နဂိုအတိုင်းပဲ ပြေးတဲ့ လိုင်းတွေပေါ့နော်။ ဒါပေမယ့် လိုင်းတစ်လိုင်းနဲ့ တစ်လိုင်းပြေးတဲ့ အချိန်ကတော့ မတူဘူး။ ကွာတယ်။ နောက် တစ်ခုက ယာဉ်စီးခကလည်း နဂိုတိုင်းပဲ"ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ(YUPT) မှလည်း စုစုပေါင်း ယာဉ်လိုင်းပေါင်း ၂ဝ ရှိသည့်အနက် ယာဉ်လိုင်း ၁ဝ လိုင်း၊ ယာဉ်အစီးရေ ၁ဝဝ ခန့်ဖြင့် သင်္ကြန်ကာလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

သင်္ကြန်အတွင်း မပြေးဆွဲသော ယာဉ်လိုင်းများလည်းရှိပြီး Omni Focus ကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော YBS-56, YBS-20, YBS-83, YBS-98, YBS-99, YBS-Airport- Sule ယာဉ်လိုင်းတို့၏ (ညကြီးပိုင်းပြေးဆွဲမှု အပါအဝင်) ပြေးဆွဲမှုများကို ဧပြီလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီမှ စတင်ကာ ဧပြီလ ၁၆ ရက် (သင်္ကြန် အတက်နေ့)အထိ ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly