ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ - ( ၄ )

By မျိုးသန့်(မဇ္စျိမ)
12 April 2019
ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ - ( ၄ )

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား၊ အဲ့ဒီတော့ ဒီကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့မှ ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၄)ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖိတ်ခေါ်ထားတဲ့ဆရာဝန်ကတော့ ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်း ဖြစ်ပါတယ်။

မေး။ ။ တကယ့်ဆရာဝန်တွေနဲ့ ဆေးရတာလား ကိုယ်ကိုယ်တိုင်ရော မလုပ်နိုင်ဘူးလား ဘယ်လိုမျိုးလဲ ဆရာ။

ဖြေ။ ။ ခုန မေးတဲ့မေးခွန်းက စောစောက ကျွန်တော်ပြောခဲ့တဲ့အပိုင်းပေါ့၊ စက်နဲ့ သွေးသန့်စင်တယ် ဆိုရင်တော့ centre ခေါ်တာပေါ့၊ ဆေးတဲ့နေရာ ဆေးရုံပဲဖြစ်ဖြစ်၊ ပရဟိတသွေးစင်တာခေါ်တဲ့ ပုဂ္ဂလိက နေရာတွေပေါ၊့ အဲ့ဒီမှာ ကျွန်တော်တို့က စက်တွေရှိတယ်။ တကယ်တမ်းပြောရရင်တော့ အဲ့ဒီမှာ ဆရာဝန်လည်း ရှိတယ်၊ ဆရာမရှိတယ် သူနာပြုတွေရှိတယ်ပေါ့။ ဆိုတော့ သူတို့ဆီမှာ ပုံမှန် လာဆေးတာပါပဲ။ ဒါက သူက ပုံမှန်ဆေးနေပြီဆိုရင်တော့ သူက သွားနိုင်လာနိုင်တဲ့သူ ဖြစ်နေတော့ သူအတွက်ကြောင့် သူတို့ဆိုလို့ရှိရင် နိုင်ငံခြားမှာတော့ ကိုယ့်ဟာကိုယ် Bus car လေးနဲ့ လာလိုက် လာဆေးတယ်၊ ပြီးရင်ပြန်သွား Bus Car ပေါ်တက် အိမ်ပြန်သွားတယ်ပေါ့နော်။ ကျွန်တော်တို့ ဆီမှာလည်း တစ်ချို့ အဲ့ဒီလောက်ထိ သွားနိုင်တဲ့လူတွေလည်း ရှိတော့ရှိတယ်။

မေး။ ။ အဲ့ဒီတော့ သူက ကျောက်ကပ်ဆေးတယ်ဆိုလို့ရှိရင် သူက တစ်သက်လုံးဆေးသွားရမှာလား။

ဖြေ။ ။ တစ်သက်လုံးပဲ ဆေးရမယ့်သဘောရှိပါတယ်။ သူက ပြန်ကောင်းသွားတယ်လို့တော့ တော်တော်လေးကို မရှိသလောက်ပေါ့။ အဲ့ဒီတော့ သူက တစ်သက်လုံးမဆေးချင်ရင်တော့ ခုနက ကျောက်ကပ်လဲရမယ်၊ လဲနိုင်ပြီဆိုတဲ့ အဆင့်အတန်းရောက်သွားရင် အခြေအနေရောက်သွားရင်တော့ ဆေးဆရာမလိုတော့ဘူးပေါ။့ ဒါပေမယ့် ခုနခင်ဗျားပြောတဲ့အထဲမှာ ပါတဲ့တစ်ခုပေါ့ အဲ့ဒီဗိုက်ဖောက်ပြီး ဆေးတယ်ဆိုတဲ့ဟာကတော့ ကိုယ့်ဟာကိုယ် အိမ်မှာလုပ်လို့ရတယ်။ သူက ဗိုက်ကို ဖောက်ထားပြီး ပိုက်လေးထည့်ထားတယ်၊ ပြီးရင်ဆေးအိတ်တွေပေါ့ drip_set လိုဟာမျိုးပေါ။့ အဲ့ဒီလို အိတ်တွေနဲ့ သူကနေပြီး ချိတ်ပြီးတော့မှ ထည့်တယ်၊ ခဏထားတယ် ပြီးရင်ပြန်ထုတ်တယ်ပေါ့။ အဲ့ဒါကို တစ်နေ့ကို သုံးလေးကြိမ်လောက် အနဲဆုံးလုပ်ရပါတယ်။ နေ့တိုင်းလုပ်ရတယ် အဲ့ဒါကတော့ ကိုယ့်ဟာကိုယ် အိမ်မှာနေရင်းလုပ်လို့ရတယ်။ တစ်ယောက်ယောက်ကို သင်ထားပေးပြီးတော့မှ နိုင်ငံခြားမှာတော့ တစ်ချို့နိုင်ငံတွေမှာ တော်တော်လေး ခေတ်စားပါတယ်။ လူနာက ဆေးရုံကို လာစရာမလိုတော့ဘူး၊ ဆေးခန်းလာစရာမလိုတော့ဘူး၊ ကိုယ့်ဟာကိုယ် အဆင်ပြေတဲ့အချိန်လေး ကိုယ့်အိမ်မှာ ကိုယ့်ဟာကိုယ်လုပ်လို့ရတယ်ပေါ့နော်။ မြန်မာလူမျိုးအများစုကတော့ သိပ်ပြီးတော့ လက်မခံကြဘူး။

မေး။ ။ သူ့မှာ အားနဲချက်ဘာရှိလဲ ဆရာ။

ဖြေ။ ။ အားနဲချက်ကတော့ လုပ်ပေးမယ့်လူမရှိတာရယ်၊ ကိုယ့်ဟာကိုယ်လုပ်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတယ်ပေါ့နော် ဆရာပဲလုပ်ပေးပါ၊ ဆရာ့ဆီပဲလာပါ့မယ် ဆိုတဲ့ ခံယူချက်မျိုး များတယ်ပေါ့ ။

မေး။ ။   ဆီးသွားရင် အနယ်ပါတာ ဘာကြောင့်လဲဆိုတာကို ဖြေပေးစေလိုပါတယ်၊ နောက်တစ်ခုကတော့ ဆီးနည်းပြီးတော့ ဆီးအရောင်က ရေနွေးရောင်ဖြစ်နေပါတယ် အဲ့ဒါကို ဆရာဝန်နဲ့လည်း ပြဖူးတယ်ပေါ့လေ ဒါပေမယ့် မသက်သာဘူး၊ ဒါကတော့ ဘာကြောင့်ဖြစ်တာလည်း ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ ဆိုတာလေး ပြောပြပေးစေလိုပါတယ်ဆရာ။

ဖြေ။ ။ ပထမပိုင်းဖြစ်တဲ့ ဆီးထဲမှာ အနယ်ပါတယ်ပေါ့နော် အဲ့ဒီတော့ အနယ်ပါတဲ့ဆီးတွေမှာ ကျွန်တော်တို့က ရိုးရိုးလူတစ်ယောက်လည်း တစ်ခါတစ်လေ ဘာဖြစ်တတ်သလဲဆိုတဲ့အခါကျတော့ ဆီးကိုအောင့်ထားတာကြာပြီးတော့ပေါ့နော် အဲ့ဒီတော့ နောက်မှ သွားတဲ့အခါမှာ သူက ဆီးထဲမှာ တစ်ခါတစ်လေ အနယ်လေးတွေ နည်းနည်းပါတတ်တယ်ပေါ့။ ညသိပ် ဆီးလိုဟာမျိုးပေါ့ ဥပမာ တစ်ညလုံး ဆီးမသွားဘူး မနက်ကျမှ အိပ်ယာထသွားရင် တစ်ခါတစ်လေပါတတ်တယ်။ နည်းနည်းပါးပါးကတော့ ကိစ္စမရှိဘူးဆိုပေမယ့် ပါတာ နည်းနည်းများလာတယ်ဆိုရင်တော့ ဒါဟာ ကျွန်တော်တို့က ဒီအနယ်က ပုံမှန်မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအခါကျလို့ရှိရင် ဘာကြောင့် ဆီးအနယ်ပါတယ်ဆိုတာကို လိုက်ရှာဖို့ ဆီးကို ကျွန်တော်တို့က စစ်ဆေးမှုလုပ်ရပါတယ်။ အဲ့ဒီတော့ ကျောက်ကပ်ရောင်တဲ့ရောဂါပေါ့လေ၊ ကျွန်တော် စောစောကပြောတဲ့ ဟာကြောင့်လည်းပါတယ်။ တစ်ခါတစ်လေကျရင်တော့ သွေးတိုးတို့ ဆီးချိုတို့မှာလည်း အနယ်ပါတတ်တယ်။ နောက်တစ်ခုက ဆီလမ်းကြောင်းမှာ ပိုးဝင်လို့ဆိုရင်လည်း အနယ်ပါတတ်ပါတယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတဲ့ဟာလေးကိုတော့ ပြန်ရှာပြီးတော့ ကုသဖို့လိုပါတယ်။ ဆီးအရောင်ရင့်တာကတော့ သူကလည်း ဒီလိုပါပဲ ဆီးက တစ်ခါတစ်လေကျလို့ရှိရင် အကြောင်းကြောင်းကြောင့် ကိုယ်က ဆီးမသွားမိဘဲ ဆီးအောင့်ထားမိရင် ဆီးချုပ်တယ်ပေါ့နော်၊ အဲ့ဒီအခါကျလို့ရှိရင် နောက်သွားလိုက်တဲ့ဆီးက ရေနွေးကြမ်းအရောင်ရင့်ရင့်လိုမျိုး တစ်ခါတစ်လေသွားရတတ်တယ်၊ ဒါကတော့ ဆီးက ပျစ်သွားတဲ့ သဘောပါ ရောဂါရယ်တော့ မဟုတ်ဘူး။ တကယ်လို့ ပုံမှန်ပြန်သောက်လိုက်ရင် ဆီးက ပြန်ပြီးတော့ ဖြူသွားတယ်၊ အဲ့ဒီလိုဆိုရင် စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် တကယ်လို့ သူက ဆက်ပြီးတော့ အဲ့ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ဒါကလည်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို လိုက်ရှာဖို့ လိုပါတယ်။ တစ်ခါတစ်လေ လမ်းကြောင်းမှာ ကျောက်ကြောင့်သော်လည်းကောင်း၊ အနာတွေ ရှိလို့သော်လည်းကောင်း၊ ဆိုရင်လည်း သူက ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

မေး။ ။ ဆီးလမ်းကြောင်းကျောက်တည်တယ်ဆိုတဲ့ဟာမျိုးကို မကြာခဏကြားရဖူးတယ်ပေါ့နော် ဒါကရော ဘယ်လိုလူမျိုးတွေမှာ အဖြစ်များသလဲခင်ဗျား၊ ယောက်ကျားလေးတွေမှာတော့ အဖြစ်များတယ်လို့ ထင်ပါတယ်။ အဲ့ဒါလေး ပြောပြပေးစေလိုပါတယ်ဆရာ။

ဖြေ။ ။ သူတို့ရဲ့ စစ်တမ်းတွေအရတော့ ယောက်ကျားလေးတွေက ပိုဖြစ်တယ်လို့တော့ ဆိုပါတယ်။ ဘာကြောင့်ပိုဖြစ်တာလဲဆိုတာကတော့ သေချာတော့ မပြောနိုင်ဘူး။ သို့သော် တစ်ပိုင်းကတော့ သူတို့က ကွမ်းစားတယ် ကျန်တဲ့ ခုနသူတို့ရဲ့ အမှုအကျင့်တွေပေါ့နော်။ နောက်တစ်ခုကတော့ အများအားဖြင့် ယောက်ကျားတွေက အလုပ်လုပ်နေကြတဲ့အခါကျတော့ အလုပ်ခွင်မှာ ဆီးမှန်မှန် မသွားဖြစ်ဘူး၊ အဲ့ဒီလိုမျိုးလေးတွေလည်း ပါတယ်ပေါ့နော်။ အဲ့ဒီတော့ အဲ့ဒါကတော့ ဒီကျောက်က ဒီအကြောင်းတွေကြောင့်လည်း ပါပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ သူ့မူလကတည်းကိုက ကျောက်တည်တဲ့သဘောပေါ့လေ၊ အဲ့ဒီမှာ ကျွန်တော်တို့က ဥပမာ တစ်ချို့ ရောဂါတွေဆိုလို့ရှိရင် အထူးဖြင့် ထုံးဓာတ်ပေါ့၊ အရင်တုန်းကဆို တစ်ချို့ မြန်မာပြည်ရဲ့ အချို့ဒေသတွေမှာ ရေထဲမှာ ထုံးဓာတ်များပါတယ်။ အဲ့ဒါကြောင့် ရေကိုကြိုပြီးသောက်ရတယ်၊ ရေစစ်ပြီး သောက်ရတယ်ပေါ့နော်။ အဲ့ဒီလို ရေမျိုးတွေက ဆီးလမ်းကြောင်းမှာရှိတဲ့ ပြွန်တွေထဲမှာ သွားပြီးတော့ အနယ်ထိုင်ပြီးရင် တစ်ခါတစ်လေ ကျောက်တည်နိုင်ပါတယ်။

မေး။ ။ အဲ့ဒီလိုမျိုး ကျောက်တည်တဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးလုပ်သင့်သလဲ၊ ခုနကပြောတဲ့ အကြောင်းတစ်ချက်မှာတော့ ရေထဲမှာ ထုံးဓာတ်ပါတာပေါ့လေ ဆိုတော့၊ အဲ့ဒီ ဒေသမှာနေတဲ့ လူက ဒီရေမှာ ထုံးဓာတ်ပါတယ်ဆိုရင် ဒီရေကို ဘယ်လိုလုပ်ပြီး သောက်ရမလဲခင်ဗျား။

ဖြေ။ ။ တတ်နိုင်သလောက်တော့ ရေကို စစ်ပြီးတော့ပေါ့ ကျိုပြီးတော့ပေါ့၊ အခုခေတ်တော့ ရေသန့်တွေလည်း အများကြီး ပေါ်လာပြီပေါ့လေ၊ ဒါပေမယ့်လို့ ရိုးရိုးရေကိုပဲ ရေစစ်လေးနဲ့ စစ်ပြီးသောက်ရင်တော့ ပါတဲ့ထုံးဓာတ်က နည်းသွားပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့က တကယ်သူက ကျောက်တည်လာပြီဆိုတဲ့အချိန်မှာလည်း သူ့ရဲ့ လက္ခဏာပေါ်မူတည်ပြီးတော့ပေါ့လေ ဘယ်လိုလုပ်သင့်လဲ၊ ဘယ်သူနဲ့ ပြသင့်လဲ ဆိုတာကိုလည်း ကျွန်တော်တို့က စဉ်းစားရတာပေါ့။

မေး။ ။ အဲ့ဒီလိုမျိုး ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့လူတစ်ယောက်ကို ကုသပုံကုသနည်းက ဘယ်လိုမျိုး ကုသလို့ရနိုင်မလဲ။

ဖြေ။ ။ အကြမ်းဖျဉ်းတော့ ၂ ပိုင်းရှိတာပေါ့။ တစ်ပိုင်းကတော့ ဆေးနဲ့ကုတာပေါ့၊ နောက်တစ်ပိုင်း ကတော့ ခွဲစိတ်ကုသပေါ့၊ ခွဲစိတ်တဲ့အပိုင်းကတော့ ကျွန်တော်တို့ မကုပါဘူး။ ဆီးလမ်းကြောင်း ခွဲစိတ်ပါရဂူတွေကို လွှဲလိုက်တာပေါ့။ ဆိုတော့ ဘယ်လိုနေရာမျိုးမှာ ခွဲစိတ်သင့် မခွဲစိတ်သင့်ဘူး ဆိုတာတော့ လူနာရဲ့ အနေအထားအခြေအနေပေါ်မှာ မူတည်ပါတယ်။ ဥပမာ အားဖြင့် တစ်ချို့ လူနာတွေက ဆေးနဲ့သောက်တယ်ဆိုရင်တော့ သူကချက်ချင်းကြီးပျောက်မသွားဘူး ပေါ့၊ ဆေးတွေအကြာကြီးသောက်ရတယ်၊ သေချာပေါက် ပျောက်သွားမယ်လို့လည်း အာမတော့မခံနိုင်ဘူးပေါ့နော်။ သူကတော့ ဒီကျောက်ကို တစ်ဖြေးဖြေးနဲ့ အောက်ကိုဆင်းလာပြီးတော့ ကျသွားဖို့ သို့မဟုတ်လို့ရှိရင်လည်း ပဲ့ပျော်သွားပြီးတော့ ကျောက်ပျောက်သွားအောင် လုပ်တဲ့သဘောပါပဲ။ အဲ့ဒီတော့ တစ်ချို့က အချိန်မရဘူး၊ သူက ခရီးသွားဖို့ရှိတယ် စသဖြင့်ပေါ့နော် သို့မဟုတ်ရင်သူက ခဏခဏနာကျင်တဲ့ဝေဒနာကို မခံစားချင်ဘူးဆိုရင်တော့ တစ်နည်းနည်းနဲ့ ထုတ်ပစ်တာပေါ့။ အခုခေတ်မှာတော့ ခွဲစိတ်တဲ့ဆရာဝန်တွေကလည်း ဒီလိုခွဲတဲ့ဟာတွေရှိသလို မခွဲဘဲနဲ့ ကုသနည်းတွေ လည်း အများကြီးပေါ်လာပါတယ်။ သံလိုက်နဲ့ ချေတယ်၊ လေဆာ နဲ့ချေတယ်။ ပိုက်လေးထည့်ပြီးတော့ ညှပ်နဲ့ဆွဲထုတ်တယ် စသဖြင့် အမျိုးမျိုးပေါ့။ ဆောင်ရွက်ကြပါတယ်။

မေး။ ။ ဒါကတော့ ဆရာဝန်တွေရဲ့ဆေးပညာအရပေါ့နော် တစ်ချို့တွေလည်း ယုံကြည်ပါတယ်။ အဲ့ဒါကတော့ ဥပမာ ဖရဲသီးစားတယ် ဒါမှမဟုတ်လို့ရှိရင် သံမနိုင်ကျောက်မနိုင် အရွက် ပြုတ်ပြီးတော့မှပေါ့နော် ဒီရေကို သောက်ကြတယ်ဆိုတဲ့ဟာမျိုးလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒီဟာရော ဆရာကြီး ဖြည့်ပြောလို့ ရနိုင်မလား ဘယ်လောက်ထိမှန်နိုင်လဲ။

ဖြေ။ ။ သံမနိုင်ကျောက်မနိုင် ကတော့ တော်တော်လေး မြန်မာအယူအဆမှာတော့ သုံးကြတယ် ပေါ့နော်။ သူကတော့ ကျောက်ကိုလည်း ထိုက်သင့်သလောက် ပျော်တယ်လို့ ဆိုတယ်ပေါ့လေ၊ တစ်ချို့ အဲ့ဒီနောက်ပိုင်းမှာ ဒါကို ဆေးပြားအနေနဲ့လုပ်ပြီးတော့ ဖော်တာတွေလည်း ကျွန်တော်တွေ့ဖူး ပါတယ်။ သူကတော့ တိုင်းရင်းဆေးအနေနဲ့တော့ တော်တော်လေးသုံးကြတယ်ပေါ့နော်၊ တစ်ချို့လည်း ဒါနဲ့ ကောင်းသွားတယ်လိုု့ ကျွန်တော်တို့ တွေ့ဖူးပါတယ်။ တစ်ချို့လည်း မကောင်းတာလည်း တွေ့ရတယ် ပေါ့နော်။ တစ်ခုပဲ သတိထားရတာတော့ သံမနိုင်ကျောက်မနိုင်ရဲ့ ပြဿနာက သူက ကျောက်ကပ်ထဲမှာ သွားပြီးတော့ စုတာပေါ့နော်၊ အဲ့ဒီတော့ ကျောက်ကပ်ရောဂါ အခံရှိပြီးတော့ ကျောက်ကပ် မကောင်းတဲ့ လူနာတွေမှာတော့ နဲနဲသတိထားရတယ်ပေါ၊့ ရိုးရိုးကျောက်ပဲ တည်လာတယ် ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။

မေး။ ။ ကျောက်ကပ်ရောဂါက မျိုးရိုးများလိုက်ပါသလား ခင်ဗျား။

ဖြေ။ ။ အဲ့ဒီမှာလည်း ကျွန်တော်တို့ မျိုးရိုးလိုက်တဲ့ ကျောက်ကပ်ရောဂါတွေရှိပါတယ်။ တစ်ခုကတော့ ဘာလဲဆိုတော့ ကျောက်ကပ်မှာ ရေအိတ်တွေဖြစ်တယ်ပေါ့နော်၊ အဲ့ဒါက မွေးရာပါ ပါ။ အဲ့ဒီတော့ သူက တကယ်ကို မျိုးရိုးလိုက်ပါတယ်။ အဖေအမေမှာရှိရင် သားသမီးမှာ ၅၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်ပါတယ်။ ဖြစ်တော့ သူက ပြဿနာဘာလဲဆိုတော့ မွေးကတည်းက ဒီရေအိတ်ပါလာပေမယ့်လို့ သူက တော်တော်နဲ့ မသိသာဘူးပေါ့လေ အသက် ၃၀-၄၀ လောက်ရောက်မှ သူ့ရဲ့ လက္ခဏာတွေ စဖြစ်လာတယ်၊ ဘာတွေ စဖြစ်လဲဆိုရင် သွေးပေါင်တစ်ခါတစ်လေတက်တယ်။ ဆီးထဲမှာ သွေးပါ တတ်တယ်။ တစ်ခါတစ်လေကျလို့ရှိရင် အဲ့ဒီရေအိတ်တွေက တစ်ဖြေးဖြေးကြီးလာတဲ့အခါမှာ ကျောက်ကပ်ကြီးကလည်း ကြီးလာတော့ ဗိုက်တွေတင်းလာတယ်ပေါ့နော်။ အဲ့ဒီတော့ သူက အသက် ၃၀-၄၀ လောက်မှာ စပြီးလက္ခဏာတွေဖြစ်လာတယ်၊ အသက် ၄၀-၅ဝလောက်ရောက်လာရင် သူ့ရဲ့ ကျောက်ကပ်က တစ်ဖြေးဖြေးနဲ့ ရေအိတ်တွေ တအားကြီးလာပြီး ကျောက်ကပ်ပါ တစ်ခါတစ်လေ ပျက်စီးသွားတယ်၊ အဲ့ဒါကတော့ မျိုးရိုးလိုက်ကို လိုက်တယ်။ အခုခေတ်မှာတော့ သူတို့က genetic  ခေါ်တာပေါ့၊ တစ်ချို့ဆိုရင် မမွေးခင်ကတည်းကတောင်မှ ဥပမာ မိဘမှာရှိတယ်ဆိုရင် သားသမီးမှာ မွေးလာမယ့်ကလေးမှာ ဒီဟာပါသလားဆိုတာ gene ကို သူက စစ်လို့ရတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီလိုနဲ့ ကုဖို့ဖြစ်လာမှာပေါ့နော်။ ဒါပေမယ့် လတ်တလောတော့ သူက တကယ်ဖြစ်လာရင်တော့ ဘာမှလုပ်လို့မရဘူး ၊    ခွဲစိတ်လို့လည်းမရဘူး။ ဘာလို့ဆို သူက အများကြီးပေါ့၊ ဒါကတော့ သူက တော်တော်လေးဖြစ်တဲ့ဟာပေါ၊့ တစ်ခြားမွေးရာပါ ရောဂါတွေအနေနဲ့မှာလည်း တစ်ချို့ဟာတွေက ဥပမာအားဖြင့် ဆီးချိုပေါ့၊ ဆီးချိုဆိုလည်း မျိုးရိုးလိုက်တယ်၊ သူက တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်သောနည်းနဲ့ မိဘမှာ ဆီးချိုရှိရင် သားသမီးတွေမှာလည်း ဆီးချိုရှိလာတယ်၊ အဲ့ဒီဆီးချိုရှိလာတဲ့ လူနာက တစ်ချိန်ချိန်မှာ သူက ကျောက်ကပ်ကို ထိခိုက်လာနိုင်တယ်ပေါ့နော်။ မွေးရာပါကျောက်ကပ် ရောင်တဲ့ရောဂါလေးတွေရှိတယ်ဆိုတာ ဒါကတော့ တော်တော်လေးရှား ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့သက်တမ်းမှာ မိသားစုတစ်စု တစ်ခါတွေ့ဖူးပါတယ်။ ညီကိုမောင်နှမတွေ တော်တော်များများမှာ အဲ့ဒီမွေးရာပါ ကျောက်ကပ်ရောင်တဲ့ရောဂါရှိတယ်။ ရေအိတ်မဟုတ်ဘူး အဲ့ဒီထဲမှာ သုံးလေးယောက်လောက်ကို ဒီကျောက်ကပ်ပျက်စီးဆုံးရူံးသွားကြတယ်။ မိသားစုတစ်စု တည်းမှာပဲဖြစ်တာ။ ဒါကတော့ ရှားတယ်ပေါ့နော်။

မေး။ ။ ကျောက်ကပ်ဆေးနေတဲ့လူနာတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ပြန်ကောင်းလာပြီး ဆေးတဲ့နှုန်းတွေ လျှော့မသွားဘဲ သို့မဟုတ်လို့ရှိရင် ဆေးစရာမလိုတော့ဘူး ဆိုတဲ့အနေအထားထိ ရောက်သွားနိုင်သလား။ နောက်တစ်ခါ ကျောက်ကပ်ပျက်စီးတာကို ဆေးဝါးနဲ့ပေါ့နော် တစ်ခြား နည်းလမ်းနဲ့ ပျောက်သွားအောင် ကုသနိုင်သလား။

ဖြေ။ ။ ပထမမေးခွန်းဖြစ်တဲ့ ကျောက်ကပ်ဆေးတဲ့နေရာမှာ ပုံမှန်မှာ လျှော့သွားမလား၊ ပျောက်သွား မလား ဆိုတာတော့ သာမန်အားဖြင့်တော့ မဖြစ်ပါဘူး။ သို့သော်လည်း မရှိဘူးတော့ မဟုတ်ပါဘူး။ ကျွန်တော် တစ်ခါတစ်လေတွေ့ရတာတော့ ရှားပါတယ်၊ ရာခိုင်နှုန်းအနေနဲ့တော့ အဲ့ဒီတော့ သူ့ရဲ့ ကျောက်ကပ်သဘောကတော့ ပျက်စီးသွားတဲ့အပိုင်းက ပြန်မကောင်းလာတော့ဘူးပေါ့နော်။ သူက အသက်ကြီးသွားတဲ့အချိန်မှာ ပြန်ပြီးတော့ ထပ်ပွားလာတာလည်း မရှိပါဘူး၊ မရှိတဲ့အတွက်ကြောင့် မို့လို့ သူက ပျက်တဲ့ရာခိုင်နှုန်းက ကြာလာလေ ပိုများလာလေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုံမှန်အားဖြင့် ဆိုရင်တော့ သူက ပြန်ကောင်းသွားစရာမရှိဘူး။ သို့သော်လည်း ကျွန်တော်တို့ ကုသနေတဲ့ ကာလအတွင်းမှာ ခုနက ပြောသလို ကျောက်ကပ်ဆေးတဲ့ အချိန်တွေလျှော့သွားပြီးတော့ မဆေးရသလောက် နီးပါးလောက်ဖြစ်သွားတဲ့လူနာ နှစ်ယောက်သုံးယောက်လောက်တော့ ကျွန်တော်တွေ့ဖူးပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ယူဆတာတော့ သူတို့က မူလမှာ ဖြစ်တဲ့ ကျောက်ကပ် ပျက်စီးတဲ့အပိုင်းက သိပ်မပြင်းထန်လို့ပေါ့လေ သူက တစ်ချိန်ချိန်မှာ သူ့ရဲ့ မူလကျောက်ကပ်က ကျန်နေသေးတဲ့ လုပ်အားလေးကပေါ့နော် ပြန်ပြီး ကျွန်တော်တို့ခေါ်တာတော့ Recover ပေါ့ ပြန်ပြီးတော့ နိုးထလာတယ်ပေါ့နော်။ အဲ့လိုကြောင့်မို့လို့ သူက တစ်ဖြေးဖြေးနဲ့ ဖြစ်သွားတယ်လို့ ဆိုတာပေါ့။ ဒါကလည်း စာတန်းတွေလည်းရှိပါတယ်။ ရာခိုင်နှုန်းနဲပါတယ်။ သို့သော်လည်း တစ်ချို့ကိုတော့ ကျွန်တော်တွေ့ဖူးပါတယ်။ နောက်တစ်ခု ခုနစောစောကမေးတဲ့ ကျောက်ကပ်မဆေးဘဲနဲ့ တစ်ခြားနည်းလမ်းနဲ့ ကျောက်ပျောက်အောင်ကုသမယ်ဆိုတဲ့ဟာတော့ တကယ်တမ်း တရားဝင်တော့ မရှိသေးပါဘူး။ အခုထိလည်း မပေါ်သေးပါဘူး။ သို့သော်လည်း သူက လူတွေကတော့ ပြောနေကြတာပေါ့လေ၊ တစ်ချို့လည်း Facebook တို့ ဘာတို့မှာ နည်းလမ်းတွေ ဒီဟာတွေလုပ်လို့ရှိရင် ကျောက်ကပ် ဆေးစရာမလိုတော့ဘူး ဆိုတာတွေပေါ့လေ၊ လက်တွေ့ထိတော့ ကျွန်တော်တို့ နိုင်ငံတကာကနေ အသိအမှတ်ပြုတဲ့ ကုသမှုကတော့ မရှိသေးပါဘူး။  ။

(ဆက်ရန်)

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55912

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၂ )အပြည့်အစုံ - http://www.mizzimaburmese.com/article/55981

ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာ  အပိုင်း(၃ )အပြည့်အစုံ - http://www.mizzimaburmese.com/article/56038

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required