ရပ်နားထားရသော ပုသိမ်ဆေးရုံ တိုးချဲ့ ၉ထပ်ဆောင်ကို စစ်ဆေးမှုများ ဆောင်ရွက်မည်

ရပ်နားထားရသော ပုသိမ်ဆေးရုံ တိုးချဲ့ ၉ထပ်ဆောင်ကို စစ်ဆေးမှုများ ဆောင်ရွက်မည်

ပုသိမ်၊ ဧပြီ ၁၂ ။     ။ ရပ်နားထားသည့် ပုသိမ်ဆေးရုံတိုးချဲ့ ၉ထပ်ဆောင်အား ဧပြီ၂၄ရက်နေ့တွင် စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမ သို့ပြောသည်။

"အသေးစိတ် တိုက်ဆိုင်စစ်ဆေးရမှာပေါ့။ လုပ်ထားတာတွေကို သင်္ကြန်ပြီး၂၄ရက်နေ့လောက်စပြီး တိုင်းတာ စစ်ဆေးခြင်းလုပ်မယ်။” ဟု ဦးဝင်းဌေးကပြောသည်။

အဆိုပါ ပုသိမ်ဆေးရုံ တိုးချဲ့ ၉ ထပ်ဆောင်အား Royal Lotus Co.,Ltd မှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပါအချက်များအရ RC အဆောက်အဦ ဆောက်လုပ်ရမည် ဖြစ်သော်လည်း Steel Structure ဖြင့် ဆောက်လုပ်ထားခြင်း၊ စာချုပ်တွင် မပါဝင်သောငွေများ၊ စီမံကိန်းများကို ဘဏ္ဍာနှစ်တွင် ထပ်မံ တိုးတောင်း ထားခြင်းတို့ကြောင့် ၂၀၁၇ ခုနှစ်တွင် စီမံကိန်းရပ်နားကာ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

“၂၀၁၈-၁၉ ဘတ်ဂျက်မှာလည်း နည်းနည်းပါထားပါတယ်။ ၂၀၁၉-၂၀ ဆက်ပြီး ကုမ္ပဏီနဲ့ စာရင်းဇယားတွေ ဖျက်ပြီးသွားရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ရင်မြန်မြန်ဆန်ဆန်ပြီးအောင်လုပ်မယ်”ဟု ဦးဝင်းဌေးက ဆက်ပြောသည်။

အဆိုပါ ပုသိမ်ဆေးရုံ ၉ ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ရန် တင်ဒါအား ၂၀၁၅ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး၊ စက်တင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့ကာ စာချုပ်အသစ်ကို ၂၀၁၆ ခုနှစ် မတ်လတွင် ပြင်ဆင်ချုပ်ဆိုထား ကြောင်း သိရသည်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဆေးရုံကိုအပြီးသတ်ဆောက်လုပ်နိုင်ရေးအတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်ပြည်သူဆေးရုံကြီးအား ၁၈၈၅ ခုနှစ်တွင် ကုတင် ၁၅၀ ဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် ကုတင် ၃၀၀ ဖြစ်ပြီး၊၂၀၁၅ ဇူလိုင်လတွင် ကုတင် ၅၀၀ ဆေးရုံကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly