ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီ၏ မူဝါဒ သဘောထား

ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၂ ။         ။ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ခင်းနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းတို့က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ရှမ်းနီဘာသာဖြင့် နှုတ်ခွန်းဆက်ဆုတောင်း စကားပြောကြားခြင်း)

မိဘပြည်သူများနှင့်တကွ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများအားလုံး အနာရောဂါကင်းရှင်းကြပြီး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ ရှိကြပါစေ။ စားရေး၊ ဝတ်ရေးမှအစ ရွှေ၊ ငွေ၊ ဥစ္စာ ရတနာပစ္စည်းပြည့်ပြည့်စုံစုံ ပိုပိုလျှံလျှံရှိကြပါစေ။

အကြောက်တရားများကင်းရှင်းပြီး မိမိတို့ဆန္ဒရှိသလို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ပြောနိုင်၊ ဆိုနိုင်၊ လာနိုင်၊ လုပ်နိုင်၊ ကိုင်နိုင်ကြသူများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကျွန်တော်ကတော့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဦးအောင်ခင်း ဖြစ်ပါတယ်။

မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

ကျွန်တော်တို့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုဝင်အပေါင်းတို့ဟာ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေချ နေထိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလို အခြေချနေထိုင်ရာမှာ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ မည်သည့်လူမျိုးရဲ့နယ်မြေကိုမှ အနိုင်ကျင့်တိုက်ခိုက်လုယူခဲ့ခြင်းမျိုးမဟုတ်ဘဲ နယ်သစ်ပယ်သစ်ရှာဖွေတွေ့ရှိပြီး ခုတ်ထွင်ရှင်းလင်းကာ ဓားမဦးချအခြေချနေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အုပ်ချုပ်မှုအတတ်ပညာတွေလည်း အဲဒီကတည်းက အဆင့်မြင့်ထွန်းကားနေခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ အခြေချနေထိုင်လျက်ရှိတဲ့ဒေသတွေကတော့ စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ နန်းယွန်း၊ ကသာ၊ထီးချိုင့်၊ အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ကချင်ပြည်နယ်မှာ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ မြစ်ကြီးနား၊တနိုင်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီ၊ ရှမ်းပြည်မြောက်ပိုင်းမှာ မိုးမိတ်၊မဘိမ်းဒေသများပဲ ဖြစ်ပါတယ်။ သို့ပေမယ့် အချို့ဒေသမှာ နေထိုင်တဲ့ရှမ်းနီများဟာ မိမိဘာသာစကားကို ပြောကြားခြင်း မရှိတော့သည့်အပြင် မိမိကိုယ်မိမိ ရှမ်းနီလူမျိုးဖြစ်ကြောင်းကိုပင် မသိရှိကြတော့ပါဘူး။ အလွန် ရင်နာစရာကောင်းလှပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ ကျွန်တော်တို့ ရှမ်းနီတွေဟာ ဝန်းသိုစော်ဘွား ဦးအောင်မြတ် ဦးဆောင်ပြီး ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ နယ်ချဲ့ တော်လှန်ရေးဖက်ဆစ်ဆန့်ကျင်ရေးကာလတွေမှာလည်း အသက်သွေးချွေးတို့ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ တော်လှန်တိုက်ခိုက်ခဲ့ကြလို့ နိုင်ငံတော်က မော်ကွန်းဝင်ဆုတံဆိပ်ပေါင်း ၇၀ ကျော် ချီးမြှင့်ပြီး အသိအမှတ်ပြုခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တိုင်းရင်းသားပေါင်းစုံတို့က မိမိတို့ရလိုတဲ့အခွင့်အရေးအတွက် လက်နက်ကိုင်ပြီး နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှမ်းနီအပါအဝင် မြောက်ပိုင်းရှမ်းမျိုးနွယ်စုဝင်တို့ဟာ လက်နက်ကိုင်ဆန့်ကျင်ခြင်း မပြုခဲ့ဘဲ နိုင်ငံတော်နှင့် ဒိုးတူပေါင်ဖက် တစ်သားတည်း နေထိုင်ခဲ့ကြသည်မှာ ယနေ့ အထိပဲဖြစ်ပါတယ်။

မိဘပြည်သူအပေါင်းတို့ခင်ဗျား-

အငိုသန်တဲ့ကလေး နို့စို့ရတယ်ဆိုသလိုပဲ တိုင်းရင်းသားအတော် မျာများဟာ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိခဲ့ကြပေမယ့် ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေကတော့ မငိုတတ် မတောင်းတတ်တဲ့ အတွက် အခြားတိုင်းရင်းသားတွေလို အခွင့်အရေးတွေ မရရှိသေးပါဘူး၊ ရှမ်းနီလူမျိုးများဖြစ်ပေမယ့် မှတ်ပုံတင်မှာ ရှမ်းနီလူမျိုးဆိုပြီး ဖော်ပြခွင့်မရသေးပါဘူး။  ဒါကြောင့် ကျွန်တော်တို့ ပါတီက ယခုလာ မယ့် ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှစ်ခု ချမှတ်ခဲ့ပါတယ်။ အဲဒါတွေကတော့

(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကြယ်ငါးပွင့်ကို ဒို့- မဲပေး

(၂) ကိုယ့်လူမျိုး အမည်မှန်ပေါ်ပေါက်ဖို့ ကြယ်ငါးပွင့်ကိုထောက်ခံစို့။

တို့ပဲဖြစ်ပါတယ်။ ဒီဆောင်ပုဒ်နဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ကိုယ့်လူမျိုး အမည်မှန်ပေါ်ပေါက်ဖို့ ကျွန်တော်တို့ပါတီက စွမ်းစွမ်းတမံကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေ နဲ့ပြည့်စုံနေလို့လည်း မရနိုင်စရာ မရှိပါဘူး။ နိုင်ငံတော်ကို တရားဝင် တင်ပြတောင်းခံနိုင်ဖို့ပဲ လိုအပ်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့လူမျိုးတွေစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြဖို့ပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါ။ အားပေးကြပါ။ ထောက်ခံကြပါလို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

ကျွန်တော်တို့ ပါတီရဲ့မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်တို့နဲ့ ပတ်သက်ပြီး ပါတီအထွေထွေအတွင်းရေးမှုး ဦးစောဝင်းထွန်းက ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ (ကျေးဇူးတင်ပါတယ်)

(မိုင်ဆွန်ခ)အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ဂါရဝပြုပါတယ်ခင်ဗျား။

ကျွန်တော်ကို ဦးစွာ မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်ကတော့ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ Shan Ni & Nothern-Shan ethnic Solidiarity Party (S.N.S.P) ရဲ့ အထွေထွေ အတွင်းရေးမှူး စောဝင်းထွန်းဖြစ်ပါတယ်။ ဒီနေ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့်မယ့် အစီစဉ်အတွက် ပါတီမှ တာဝန်ပေးအပ်ချက်အရ ပါတီရဲ့ နောက်ခံသမိုင်း၊ မူဝါဒများနဲ့ဆောင်ရွက် မယ့်လုပ်ငန်းစဉ်များကို မိဘပြည်သူများအား အသိပေးတင်ပြသွားပါမယ်။

မိဘပြည်သူများခင်ဗျား -

ဆက်လက်ပြီးတော့ ကျွန်တော်တို့ (S.N.S.P)ရဲ့ရည်ရွယ်ချက်၊ မူဝါဒ များနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကျဉ်းရုံး တင်ပြပါမယ်။

ရည်ရွယ်ချက်

(က) နိုင်ငံသားအားလုံး၏ အခြေခံ လူ့အခွင့်အရေးများကိုအာမခံနိုင်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအား ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်။

(ခ) နိုင်ငံတော်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးအတွက် ပါဝင်ဆောင်ရွက်ရန်။

(ဂ) ဒေသခံတိုင်းရင်းသားများအချင်းချင်း ယှဉ်တွဲနေထိုင်၍နေထိုင်ရာဒေသ၏ အကျိုးးစီးပွားများကို ဖော်ထုတ်ဆောင်ရွက်ရန်။

(ဃ) ပျောက်ကွယ်နေပြီဖြစ်သော တိုင်းရင်းသားများတို့၏အမျိုးသားလက္ခဏာ ပြန်လည်ဖော်ထုတ်ရန်နှင့် သမိုင်းအမွေအနှစ်၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများထိန်းသိမ်းစောင့်ရှောက်ရန်။

(င) အမည်နာမနှင့် နေရာဒေသကွဲပြားနေသော မိမိတို့၏အမျိုးသားများအားလုံး ပြန်လည်စုစည်း၍ အမျိုးသားစည်းလုံးညီညွတ်ရေးအား တည်ဆောက်ရန်။

(စ) ပြောင်းလဲနေသော မြန်မာနိုင်ငံရေး အခြေအနေပေါ်မူတည်၍ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ၏ အမျိုးသားရေးအကျိုးစီးပွားအား ဖော်ဆောင်ရယူရန်။

(ဆ) မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသော မတရားဖိနှိပ်မှု ဆက်ကြေးကောက်ခံမှု၊လူသူစုဆောင်းမှု၊ အဓမ္မညှဉ်းပန်းနိုပ်စက်မှုများအား နိုင်ငံရေးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ရန်။

မိဘပြည်သူများခင်ဗျာ -

ကျွန်တော်တို့ ရှမ်းနီ(တိုင်းလိုင်)နဲ့ မြောက်ပိုင်းရှမ်းမျိုးနွယ်စုများနေထိုင်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများဟာ တည်ငြိမ်အေးချမ်းမှုမရှိသေးဘဲ ယနေ့ထက်တိုင် အဖြူရောင်နယ်မြေ မဖြစ်သေးတာ၊ လက်နက်ကိုင်တိုက်ပွဲများ မရပ်စဲနိုင်သေးတာ မိဘပြည်သူများလည်း သိပြီးဖြစ်မှာပါ။ ဒီလိုကာလမျိုး ဒီလိုအခြေအနေအောက်မှာ ကျွန်တော်တို့ လူမျိုးစုများ ဒေသခံ လူထုများအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ အခွင့်အရေးများကို မမျှော်လင့်နိုင်တဲ့အပြင်ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားလို့ ဆိုရမှာဖြစ်တဲ့ စီးပွားရေးလုပ်ငန်း၊ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သယံဇာတ တူးဖော်ထုတ်လုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းအစရှိတဲ့ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများဆောင်ရွက်ဖို့ အခွင့်အလမ်းနည်းပါးနေတာကို နားလည်နိုင်မှာပါ။ ဒါ့အပြင် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း တည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေး၊စက်မှုလုပ်ငန်းများ တည်ထောင်ရေး အစရှိတဲ့လုပ်ငန်းများကို တည်ထောင်၊ဆောက်လုပ်နိုင်မှာမဟုတ်ပါ။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့၊ ဖြစ်လာဖို့ဆိုလျှင် ပထမဦးစွာ လိုအပ်တာဟာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊လက်နက်ကိုင်တိုက်ပွဲများရပ်စဲရေး တစ်နည်းပြောရရင် ငြိမ်းချမ်းရေးဟာကျွန်တော်တို့အတွက် အဓိကအရေးအကြီးဆုံး၊ ပထမဦးဆုံး ဦးစားပေးရ မယ့်လုပ်ငန်းစဉ်ဖြစ်တယ်လို့ ပါတီကခံယူထားပါတယ်။

ဒါဆိုငြိမ်းချမ်းရေးရရှိပြီးနယ်မြေဒေသတည်ငြိမ်မှုမှတစ်ဆင့် နယ်မြေဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ဒေသခံပြည်သူလူထု၊ တိုင်းရင်းသားမျိုးနွယ်စုများအနေနဲ့ ဘယ်လိုပါဝင်ဆောင်ရွက်မှာလဲ၊ လက်ရှိ အခြေအနေမှာနိုင်ငံတော်မှ အကောင်အထည်ဖော်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဟာ အချောသပ်အတည်ပြုပြီး နှစ်ဦးနှစ်ဖက်လက်မှတ်ထိုးမယ့်ရက် သတ်မှတ်ဖို့နောက် ဆုံးညှိနှိုင်းကြတဲ့အဆင့်ရောက်နေပြီဆိုတာ မိဘပြည်သူများလည်း သိပြီးဖြစ်မှာပါ။

မဝေးတော့တဲ့ရက်မှာ(NCA)ကို လက်မှတ်ရေးထိုးနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလိုအနေအထားဖြစ်ပေါ်လာရင် (NCA) စာချုပ်အရ ဆက်လက်ဆောင်ရွက်ကြမယ့်နိုင်ငံရေး မူဘောင်ရေးဆွဲခြင်း ၊နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ(Political Dialouge) ကျင်းပခြင်းအဆင့်ဆင့်ကိုသတ်မှတ်ထားတဲ့ ရက်စွဲ၊အချိန်ဘောင်အကန့်သတ်(Time Frame) အရ ဆက်လက်ဆောင်ရွက်ကြတော့မှာ ဖြစ်ပါ တယ်။

ဒီအဆင့်ကိုရောက်လာရင် နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး(အထူးသဖြင့် မိမိတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး) ဖြစ်စဉ်မှာ နိုင်ငံရေးပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိလာ မှာဖြစ်ပါတယ်။ဒီအချက်ကို ကျွန်တော်တို့ပါတီမှ အမိအရ ဆုပ်ကိုင်ပြီး (အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပါဝင်သင့်သူများ)မှ စုပေါင်းဆွေးနွေးဆုံးဖြတ်ကြမယ့် နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများမှတစ်ဆင့်ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ်လို့ လေးလေးနက်နက်ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကိုရဖို့ အခြားနည်းလမ်းမရှိဘူးလို့ ကျွန်တော်တို့ပါတီမှ ခံယူထားပါတယ်။

မိဘပြည်သူများခင်ဗျာ -

ကျွန်တော်တို့ နိုင်ငံမှာ အထူးသဖြင့် ကျွန်တော်တို့ နေထိုင်ရာ ဒေသမှာငြိမ်းချမ်းမှုမရှိခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ နယ်မြေမတည်ငြိမ်မှု၊ တရားဥပဒေမသက်ရောက်မှု၊ မလွတ်လပ်မှု၊ မမျှတမှုများကြောင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး တန်းတူညီမျှဖြစ်ရေး အစရှိသည်တို့ကို ဘယ်လိုမှ အကောင်ထည်ဖော်ဆောင်ရွက်လို့ မရနိုင်တာ မိဘပြည်သူများ နားလည် မယ်လို့ ယုံကြည်ပါတယ်။

နယ်မြေအေးချမ်းမှ (တစ်နည်း- ငြိမ်းချမ်းရေးရှိမှ) ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မယ်၊ တိုးတက်လာမှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးအခွင့်အလမ်းများ ဖွံ့ဖြိုးလာမယ်၊ ဒီလို ဖွံ့ဖြိုးလာမှ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုများနဲ့ ဒေသခံပြည်သူလူထုရဲ့လူနေမှုအဆင့်မြင့်မားလာမယ်။ ဘဝလုံခြုံမှုရှိလာမယ်။

အသိဉာဏ်ပညာအဆင့်မြင့်မားလာမယ်။ဒီအခြေအနေထိရောက်အောင် ဆောင်ရွက်ပါမှ တိုင်းရင်းသားအခွင့်အရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး၊ နိူင်ငံရေးတန်းတူညီမျှရေး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တို့ကို ရရှိမှာ ဖြစ်ပါတယ်။

ယခုလက်ရှိအခြေနေအောက်မှာ ကျွန်တော်တို့ SNSP ၊ ကြယ်ငါးပွင့်ပါတီအနေနဲ့ ဘာတွေကိုဆောင်ရွက်ပေးမယ်။ ဘာတွေကို ကတိပြုတယ်ဆိုတဲ့ အခြေအနေမရှိပါဘူး။ အရိုးသားဆုံးပြောရရင်ပြည်သူ လူထုအတွက်ခုအချိန်မှာ ဘာမှလုပ်ပေးနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ ဒါပေမယ့်ဘာတွေကို ဘယ်လိုလုပ်ရင် ရနိုင်တယ်၊ ဒီမပြည့်စုံမှုတွေထဲက လွတ်မြောက်ဖို့ဘယ်နည်းလမ်းကဖြင့် လက်တွေ့အဖြေ ရှိတယ်ဆိုတဲ့ စဉ်းစားထားတဲ့လုပ်ငန်းစဉ်များ ကျွန်တော်တို့ SNSP ၊ ကြယ်ငါးပွင့် ပါတီမှာရှိပါတယ်။ကျွန်တော်တို့ စဉ်းစားချမှတ်ထားတဲ့ လုပ်ငန်းစဉ်များဖြင့် မိဘပြည်သူများရဲ့ဒုက္ခဆင်းရဲတွင်းမှ လွတ်နိုင်ဖို့၊ တိုးတက်လာစေဖို့အတွက် မိဘပြည်သူများကိုယ်စားဆောင်ရွက်ခွင့်ရှိရင် ပေးဆပ်နိုင်ဖို့ မိဘပြည်သူများထံကို ခွင့်ပန်ခြင်းဖြစ်ပါတယ်လို့ ပြောပါရစေ။

ဒါကြောင့် ကျွန်တော်တို့ SNSP ကြယ်ငါးပွင့် ပါတီအနေဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် (၄)ရပ်ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။

- နံပါတ်တစ်လုပ်ငန်းစဉ်အနေဖြင့် ဒေသတွင်းအပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးမှာ ဆောင်ရွက်လို့ရနိုင်သောအဆင့်အနေအထားမှတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားဆောင်ရွက်ရန်။

- နံပါတ်နှစ်လုပ်ငန်းစဉ်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့်ဆက်လက်အကောင်ထည်ဖော်မယ့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခြင်းဖြင့် မိမိတို့ တိုင်းရင်း သားလူမျိုးစုများရဲ့ နိုင်ငံရေးရပိုင်ခွင့်၊ နိုင်ငံရေးတန်းတူညီမျှမှုအခွင့်အရေးများကို အမိအရ တောင်းဆို၊ ဆွေးနွေးရယူခြင်းဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်အား ဖော်ဆောင်ရန်။

- နံပါတ်သုံးအနေနဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာမှုနဲ့အတူတိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံရေးတန်းတူညီမျှမှု အခွင့်အရေးများကို လက်ကိုင်ပြုပြီး မိမိတို့နိုင်ငံ၊ နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေး နဲ့ဒေသခံ ပြည်သူလူထုများ မိမိတို့နိုင်ငံ၊ နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရးနဲ့ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအဘက်ဘက်မှ တိုးတက်မြင့်မားစေမယ့် အမျိုးသားအကျိုးစီးပွားလုပ်ငန်းစဉ်အား တည်ဆောက်ရန်။

- နံပါတ်လေးအချက်ဖြစ်တဲ့ တည်ငြိမ်ပြီး ဖွံ့ဖြိုးလာတဲ့မိမိတို့ ဒေသအတွင်းရှိ ရှမ်းနီနဲ့ မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၊ ဒေသခံပြည်သူလူထုများမှ ဒီမိုကရေစီစနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ၊ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပြည်ထောင်စု ညီလာခံမှ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး၊ သန့်ရှင်းကောင်းမွန်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေး၊ ယန္တရားဖြစ်ပေါ်လာရေးအစရှိတဲ့ ပြည်ထောင်စုအဆင့်လုပ်ငန်းစဉ်အား အခြားနိုင်ငံရေးအင်အားစုများနှင့်အတူ အကောင်အထည်ဖော်ရန်၊

ကျွန်တော်တင်ပြခဲ့တဲ့ ဖော်ပြပါလုပ်ငန်းစဉ်(၄) ရပ်ကို မိမိတို့ တိုင်းရင်းသားလူမျိုးများအနေနဲ့ ပကတိတည်ရှိနေတဲ့ နယ်မြေဒေသအခြေန၊နိုင်ငံရေးအခြေနေများအောက်မှာ အကောင်အထည်ဖော်နိုင်ဖို့ ဘယ်ပါတီ၊ဘယ်ကိုယ်စားလှယ်က အကောင်းဆုံးဆောင်ရွက်နိုင်မှာလဲဆိုတာ မိဘ ပြည်သူများရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ နေထိုင်ရာဒေသနဲ့ တိုင်းရင်း သားမျိုးနွယ်စုများရဲ့ပကတိလိုအပ်ချက်များ ကိုဖြည့်ဆည်းဆောင်ရွက်ဖို့၊မိဘပြည်သူများက ကျွန်တော်တို့ SNSP ၊ ကြယ်ငါးပွင့်ပါတီကို တာဝန်ပေးအပ်မယ်ဆိုရင်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မယ် ဆိုတာ (ရှမ်းနီ (တိုင်းလိုင်)နဲ့ မြောက်ပိုင်းရှမ်းမျိုး နွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ)မှ ပြည်သူလူထုကို ကတိပြုရင်း နိဂုံးချုပ်ပါတယ်။ (အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။)

ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ

 ၁။  ပါတီအမည်  -  ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Shan-ni & Northern Shan ethnics solidarity party (S.N.S.P)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၁၁.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးခင်မောင်စန်းပါ (၁၉)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစောဝင်းထွန်း၊ ဦးအောင်ဓင်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၉.၃.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၅.၃.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(ဓ-၁/၇၀-ဓ) ကံ့ကော်လမ်း၊ ၄၀x၄၁ နှင့် ၇၆x၆၈ လမ်းကြား၊ မဟာမြိုင် (၁) ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉- ၉၁၀၁၀၃၁၅၊ ၀၉-၂၀၁၆၉၁၆ (ဦးစောဝင်းထွန်း)၊ ၀၉-၅၁၉ ၂၇၀၀ (ဦးအောင်ဓင်း)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required