ပုဂံဒေသ ရှေးဟောင်းအမွေအနှစ်စာရင်း ဝင်၊ မဝင် UNESCO ၏ လာမည့် ညီလာခံတွင် ဆုံးဖြတ်မည်

ပုဂံဒေသ ရှေးဟောင်းအမွေအနှစ်စာရင်း ဝင်၊ မဝင် UNESCO ၏ လာမည့် ညီလာခံတွင် ဆုံးဖြတ်မည်
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဧပြီ ၁၂ ။     ။ ပုဂံယဉ်ကျေးမှုအမွေအနှစ်အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ဆုံးဖြတ်ချက်ကို ကမ္ဘာ့အမွေအနှစ်ကော်မတီ UNESCO ၏ ညီလာခံ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။

ထိုအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့မှ မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ပြီး အစည်းအဝေးပြီးဆုံးချိန်တွင် ပုဂံကိစ္စကိုပါ ဆုံးဖြတ်ချ ချမှတ်ရန် ရှိနေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကျင်းပမည့် ညီလာခံမှာ ၄၃ ကြိမ်မြောက်ဖြစ်ပြီး အဇာဘိုင်ဂျန်နိုင်ငံ ၊ ဘာကူမြို့တွင် ပြုလုပ် သွားမည်ဖြစ်သည်။

ယခု ဧပြီ ၁၂ ရက်နေ့တွင် ကမ္ဘာအမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံ၏ ဆိုင်ရာ သံရုံးများမှ သံအမတ်များနှင့် တာဝန်ရှိသူများကို ဖိတ်ခေါ်ခဲ့ပြီး ပုဂံဒေသအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည်။

“ရသွားတဲအခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရတယ်၊ မရတယ် ဆိုတာထက် ကျွန်တော်တို့ ဘယ်လောက်စွမ်းဆောင်ထားလဲ။ ကြိုးစားထားတယ်ဆိုတာကို နိုင်ငံတကာကို ပြတယ်။ ပြတဲ့ရလဒ်က ရလာမယ်၊ မရဘူးအပေါ်မှာ လုံးဝကြီး မူတည်တယ်လို့တော့ မသတ်မှတ်ပါနဲ့။ ကျွန်တော်တို့ရဲ့အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေတဲ့အခါမှာ ပါလာတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ လက်ခံပေးဖို့လိုပါတယ်။” ဟု ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်း ကိုယ်တိုင် တက်ရောက်ပြီး ပုဂံဒေသအကြောင်း သံအမတ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန်တင်သွင်းချက်ကို ထောက်ခံပေးကြဖို့ကိုလည်း ဒုတိယ ဝန်ကြီးက တိုက်တွန်းခဲ့သည်။

မြန်မာအစိုးရသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးရန် အဆိုပြုစာ တွဲတင်သွင်းထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly