ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေများလဲ

ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေများလဲ

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


အရိုးဖွဲ့စည်းမှု စနစ်ကြီးဆိုတာ ကိုယ်ခန္ဓာမှာ အမာဆုံးနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပုံဖော်ပေးနေတဲ့အရာတစ်ခုပါ။ လှုပ်ရှားသွားလာရလွယ်ကူအောင်၊ အလေးအပင်မနိုင်အောင် အတွက်ပဲ အရိုး တွေက အလုပ်လုပ်ပေးတာမဟုတ်ပါဘူး။ ဒီ အရိုးထဲမှာရှိတဲ ့ရိုးတွင်းခြင်ဆီက ဒါတွေအပြင်  သွေးထုတ်လုပ်ပေးတဲ့ လုပ်ငန်းအပြင် အခြား လုပ်ငန်းတာဝန်တွေကိုလည်း ယူရပါသေးတယ်။ ဒီတော့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်တွေက ဘာများလဲ ။ ။
ရိုးတွင်းခြင်ဆီဆိုတာ ဘာလဲ။  ။

ရိုးတွင်းခြင်ဆီဆိုတာ အရိုးထဲမှာ တစ်ရှုးပွပွတွေနဲ့ဖွဲ့စည်းထားတဲ့ အရာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီ ၂ မျိုးရှိပါတယ်

    Red Bone Marrow – သွေးဆဲလ်တွေထုတ်ပေးပြီး
    Yellow Bone Marrow – အဆီတွေ ကိုသိမ်းပေးပါတယ် ။

ဒါက အကြမ်းဖျင်းပဲရှိသေးတာပါ။ ဒီထက်ပိုပြီး အသေးစိပ်ကျတဲ့ ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတွေရှိပါတယ်။
ရိုးတွင်းခြင်ဆီရဲ့ လုပ်ငန်းတာဝန်များ ။ ။
Red Bone Marrow (ရိုးတွင်းခြင်ဆီ အနီရောင်)ရဲ့ လုပ်ငန်းတာဝန် ။  ။

Red Bone Marrow (ရိုးတွင်းခြင်ဆီ အနီရောင်) ဟာ ကိုယ်ခန္ဓာရဲ့ သွေးဆဲလ်တွေ ကို အဓိက ထုတ်လုပ်ပေးနေတဲ့ နေရာတစ်ခုပါ။ သွေးဆဲလ်ထုတ်လုပ်မှုကို တာဝန်ယူနေတဲ့ Hematopoietic stem cells  တွေကို ရိုးတွင်းခြင်ဆီထဲမှာ အများအပြားတွေ့ရပြီး သွေးဆဲလ်တွေကိုထုတ်လုပ်ပါတယ်။ ရိုးတွင်းခြင်ဆီ အနီကနေ ထုတ်လုပ်တဲ့သွေးဆဲလ်တွေကတော့

    သွေးနီဥ (Red Blood Cells) – ကိုယ်ခန္ဓာတစ်ခုလုံး လိုအပ်တဲ့ အောက်ဆီဂျင်တွေ အပြည့်အဝရဖို့ သွေးနီဥဆဲလ်တွေက အောက်ဆီဂျင်ကို သယ်ပေးရပါတယ်။ သွေးနီဥ တစ်ခုချင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင်သက်တမ်းတွေရှိပါတယ်။ သက်တမ်းကုန်ဆုံးခါနီးရင် သွေးနီဥတွေရဲ့ လှုပ်ရှားမှု နှေးကွေးလာပြီး သူ့ဘာသာ ပေါက်ကွဲသွားလေ့ရှိပါတယ်။ ဒီလို သက်တမ်းကုန်ဆုံးသွားတဲ့ သွေးနီဥတွေနေရာမှာ ရိုးတွင်းခြင်ဆီကထုတ်တဲ ့သွေးနီဥ အသစ်တွေက အစားထိုးပြီး ဆက်လုပ်တာဝန်ထမ်းဆောင်ပါတယ်။ သွေးနီဥတစ်ခုရဲ့ သက်တမ်းက ရက်ပေါင်း ၁၂၀ ဖြစ်ပြီး ရိုးတွင်းခြင်ဆီကနေ နေ့စဉ် သွေးနီဥဆဲလ်တွေ ၂၀၀ ဘီလျံခန့်ထုတ်လုပ်ပါတယ်။
    သွေးဖြူဥ ( White Blood Cells )- ရိုးတွင်းခြင်ဆီ အနီရောင်က ထုတ်လုပ်တဲ့ နောက်ထပ် သွေးဆဲလ်တစ်မျိုးပါ။ ကိုယ်ခန္ဓာရဲက ခုခံအားအတွက်လိုအပ်တဲ့၊ ရောဂါတွေကို တိုက်ဖျက်ပေးဖို့ လိုအပ်တဲ့ သွေးဖြူဥတွေဟာ ရိုးတွင်းခြင်ဆီထဲမှာ ဖွဲ့စည်းထားတာပါ.။
    သွေးတိတ်စေသည့် သွေးဆဲလ် ( Platelets) – ထိခိုက်ဒဏ်ရာတစ်ခုခုရပြီဆိုတာနဲ့ ထွက်နေတဲ့ သွေးတွေ တိတ်ဖို့ဆိုရင် Platelets မရှိလို့ မဖြစ်ပါဘူး။

ဒီလို သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီ အနီရောင်နေရာမှာ အသက်ကြီးလာတာနဲ့အမျှ ရိုးတွင်းခြင်ဆီ အဝါရောင် အစားထိုးဝင်ရောက်လာပါတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းရောက်ပြီဆိုရင် ရိုးတွင်းခြင်ဆီ အနီရောင်ကို လက်ဖျံရိုး၊ လက်မောင်းရိုး၊ ဦးခေါင်းခွံ၊ ကျောရိုး၊ နံရိုး၊ ပေါင်ရိုး၊ ခြေသလုံးရိုးတွေမှာပဲ တွေ့ရပါတော့တယ်။
Yellow Bone Marrow (ရိုးတွင်းခြင်ဆီ အဝါရောင်)ရဲ့ လုပ်ငန်းတာဝန် ။  ။

အပေါ်မှာ ပြောခဲ့သလိုပဲ ရိုးတွင်းခြင်ဆီ အဝါရောင်ဟာ အဆီဆဲလ်တွေသိမ်းတဲ့ တာဝန်ကိုလုပ်ဆောင်ရတာပါ။

    ရိုးတွင်းခြင်ဆီအဝါရောင်ထဲမှာ adipocytes လို့ခေါ်တဲ့ ဆဲလ်လေးတွေရှိပြီး သူတို့ထဲမှာအဆီ တွေကို သိမ်းထားတာပါ။ ဒီအဆီတွေကို လိုတဲ့အချိန်ပြန်လည် ပြိုခွဲပြီး စွမ်းအင်ထုတ်ပေးဖို့အတွက် သိမ်းထားတာဖြစ်ပါတယ်။
    mesenchymal stem cells လို့ခေါ်တဲ့ ဆဲလ်တွေကို ရိုးတွင်းခြင်ဆီအဝါရောင်ထဲ မှာတွေ့ရတတ်ပြီး အဲဒီ့ ဆဲလ်တွေကနေ အရိုး၊ အရိုးနု၊ အဆီဆဲလ်တွေနဲ့ ကြွက်သားဆဲလ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ အသက်ကြီးလာတဲ့အခါ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားတဲ့အခါ ဒီ အဝါရောင်ရိုးတွင်းခြင်ဆီတွေက အနီရောင်ရိုးတွင်းခြင်ဆီတွေ နေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ ဒါ့ကြောင့် အသက်ကြီးတဲ့သူအများစုရဲ့ အရိုးထဲမှာ အဝါရောင် ရိုးတွင်းခြင်ဆီတွေပဲ အတွေ့များတာပါ။

ဒါတွေကတော့ အရိုးတစ်ခုအတွင်းမှာရှိတဲ့ ရိုးတွင်းခြင်ဆီ နှစ်မျိုးရဲ့ လုပ်ငန်းတာဝန်တွေပဲဖြစ်ပါတယ်။ ဒီရိုးတွင်းခြင်ဆီမှာ ပြဿနာတွေ တက်သွားတဲ့အခါ အထူးသဖြင့် ရိုးတွင်းခြင်ဆီ ပုံမှန် မဟုတ်တဲ့အခါမှာ သွေးဆဲလ်ပြန့်မှုတွေ အရမ်းများပြီး သွေးကင်ဆာ ဖြစ်ကုန်ပါတယ်။ ဒီလို အရမ်းပွားနေတဲ ့သွေးဆဲလ်တွေရဲ့ အရင်းခံက ရိုးတွင်းခြင်ဆီဖြစ်တာကြောင့် သွေးကင်ဆာ သမားတွေ အတွက် ကုသမှုက ရိုးတွင်းခြင်ဆီ အစားထိုးရတာ ဖြစ်ပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly