AA မှခေါ်ဆောင်သွားသည့် ရဲမိသားစုဝင် ၇ ဦးကိုပြန်လွှတ်

AA မှခေါ်ဆောင်သွားသည့် ရဲမိသားစုဝင် ၇ ဦးကိုပြန်လွှတ်

ရန်ကုန်၊ ဧပြီ ၁၂ ။     ။ မြောက်ဦးမြို့နယ်ရှိ ရဲတပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော ရဲတပ်ဖွဲ့မိသားစုဝင် ၇ ဦးကို ရက္ခိုင့်အဖွဲ့(AA) မှ ပြန်လွှတ်ပေးလိုက်ပြီဟု AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့အတည်ပြုပြောသည်။

“ ကျွန်တော်တို့ ကယ်ထုတ်လာတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေပေါ့။ အမျိုးသမီးကြီးတစ်ယောက်၊ အမျိုးသမီးငယ် သုံးယောက်၊ ကလေးသုံးယောက် အပါအဝင်ပေါ့ စုစုပေါင်း ၇ ယောက်ကို မနေ့ညကနေပြီးတော့ ကောင်းကောင်း မွန်မွန် ပြန်လွှတ်လိုက်ပြီ” ဟု ၎င်းကဆိုသည်။

ထို့အပြင် တပ်မတော်ဘက်မှ ထုတ်ပြန်သကဲ့သို့ဖမ်းဆီးလာခြင်းမျိုးမဟုတ်ဘဲ အသက်အန္တရာယ်ကြုံမည်စိုးရိမ်၍ လုံခြုံသည့်နေရာရောက်စေရန် ကယ်ထုတ်ခဲ့ခြင်းဟုလည်း ဦးခိုင်သုခကပြောသည်။

ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်ကမြောက်ဦးမြို့နယ်ရှိ ရွာတစ်ရွာသို့ ရက္ခိုင့်အဖွဲ့(AA) မှ သွားရောက်ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

အဆိုပါကိစ္စဖြင့်ပတ်သက်၍ တပ်မတော်ဘက်ကိုမေးမြန်းရာ မသိရှိသေးကြောင်းနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို မေးမြန်းရန် ပြန်လည်ဖြေဆိုခဲ့သည်။

ထို့ကြောင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့သို့  ဧပြီ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က မြောက်ဦးမြို့ပြင်ရှိ အခြေစိုက်ရဲတပ်ရင်းဌာနချုပ်နှင့် လေညှင်းတောင်ရှိ တပ် စခန်းကို AA အဖွဲ့မှတိုက် ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် အဆိုပါရဲတပ်ရင်းမှ ရဲမိသားစုဝင်အချို့ကိုပါ ခေါ်ဆောင်သွားခဲ့ခြင်းလည်းဖြစ်သည်။

တပ်မတော်ဘက်မှ အဆိုပါနေရာများတွင် လက်နက်ကြီးများအခြေချ၍ ပစ်ခတ်မှုများပြုလုပ်သောကြောင့် လိုအပ်ချက်အရ တိုက်ခိုက်ရခြင်းဟု AA ဘက်မှပြောဆိုခဲ့ပြီး တပ်မတော်ဘက်ကမှု တိုက်ပွဲဖြစ်ပွားရာ နေရာ သည် လက်နက်ကြီးတပ်ဖွဲ့ စခန်းချခြင်းမျိုးမရှိကြောင်း ပြောဆိုထားသည်။

တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့၏ ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာဖြစ်ပွားခဲ့သည့်တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည့်အတွက်ကြောင့် စစ်ဘေးရှောင်များတဖြည်းဖြည်းတိုးပွားလာပြီး ၅ လအတွင်း စစ်ရှောင် အနည်းဆုံး ၃၀၀၀၀ ခန့်ရှိလာပြီလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly