A New Era ပြိုင်ပွဲ၏ စိတ်ဝင်စား ဖွယ်ရာ ထူးခြားချက် ၉ ချက်

A New Era ပြိုင်ပွဲ၏ စိတ်ဝင်စား ဖွယ်ရာ ထူးခြားချက် ၉ ချက်
Photo -One Championship

One Championship ၏ A New Era ပြိုင်ပွဲကို ပြီးခဲ့သည့် မတ် ၃၁ ရက်တွင်ဂျပန်နိုင်ငံ၊ တိုကျို မြို့တွင် ကျင်းပပြုလုပ် ခဲ့သည်။ One Championship ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲဖြစ်ခဲ့သည့် အဆိုပါ ပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ်ရာ ထူးခြားချက် ၉ ခုကို စုစည်းတင်ပြ လိုက်ရပါသည်။

(၁) ပထမဆုံး ဂျပန် ပွဲဦးထွက် ပြိုင်ပွဲ

One Championship သည် တိုက်ခိုက်ရေး အားကစား ပြိုင်ပွဲများ ကျင်းပသည့်အာရှ၏ အကြီးဆုံး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ များတွင် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံတွင် ယခင်က တစ်ကြိမ် တစ်ခါမှ လာရောက်ကျင်းပခဲ့ဖူးခြင်း မရှိသဖြင့် ယခုပြိုင်ပွဲသည် ဂျပန်မြေတွင် ကျင်းပသည့် ပထမဆုံး One Championship ပြိုင်ပွဲ ဖြစ်လာသည်။ ထို့ပြင် ယခုနှစ် အတွင်း ဗီယက်နမ်နှင့် တောင်ကိုရီးယား တို့တွင်လည်း One ၏ ပွဲဦးထွက် ပြိုင်ပွဲများ ကျင်းပသွားမည်ဟု ပွဲစဉ်ဇယား ထဲတွင် ထည့်သွင်းရေးဆွဲထားကြောင်း တွေ့ရသည်။

(၂) ဂျပန်နှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား

ဂျပန် နိုင်ငံသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ၁၉၈၀ ပြည့်နှစ်အလွန်ကတည်းက တရားဝင် စတင်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က Pancrase အဖွဲ့အစည်းက ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၂၁ ရာစု အစောပိုင်းတွင် Pride FC က ပြိုင်ပွဲ အများအပြား ကျင်းပပေး ခဲ့သည်။ လတ်တလောတွင် ဂျပန်၏ အဓိက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းများမှာ Rizinတိုက်ခိုက်ရေး အဖွဲ့ချုပ်၊ Pancrase၊ Shooto နှင့် ZST တို့ ဖြစ်ကြသည်။ ဂျပန် နိုင်ငံ၏ ထင်ရှားသော ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများမှာ Deep၊ Dream၊ Rings၊ Pride စသည့် ပြိုင်ပွဲများ ဖြစ်ကြသည်။

(၃) Ryōgoku Kokugikan အားကစားရုံ၏ သမိုင်း

ပြိုင်ပွဲ ကျင်းပသည့် Ryōgoku Kokugikan မိုးလုံလေလုံ အားကစားရုံ နေရာသည်၁၉၀၉ ခုနှစ် ကတည်းက အားကစားရုံ အဖြစ် တည်ဆောက် ခဲ့သည့် နေရာဖြစ်သည်။ ယင်းအားကစား ရုံကြီးတွင် ဂျပန်ရိုးရာ ဆူမို နပမ်းပွဲများကို ယင်းကာလ ကတည်းက လက်ခံ ကျင်းပခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် ကာလတွင် ယင်းအားကစားရုံကို ဂျပန် စစ်တပ် အခြေစိုက် ခဲ့သဖြင့် ပြိုင်ပွဲများကို အပြင်ဘက်ဘေ့စ်ဘော ကွင်းတွင် ပြောင်းလဲ ကျင်းပခဲ့ရသည်။ ဂျပန်တို့ စစ်ရှုံးပြီး မဟာမိတ် တပ်များ ဂျပန်ကို သိမ်းပိုက် ခဲ့သည့် အခါတွင်တော့ ယင်းအားကစားရုံကို မူလအတိုင်း ဆက်လက် ကျင်းပခွင့် ပေးခဲ့သည်။ သို့သော် ကွင်းအခြေအနေကြောင့် ပွဲကျင်းပမှုများ ကျဲပါး သွားပြီး Meiji ကျောင်းဆောင်နှင့် Kuramae Kokugikan တို့တွင်သာ ဆူမိုပြိုင်ပွဲများ ကျင်းပခဲ့ ကြသည်။ လက်ရှိ ကွင်းကို ပြုပြင် တည်ဆောက်မှုများ ပြုလုပ်ပြီး ၁၉၈၅ တွင် ပြန်လည် ဖွင့်လှစ် ပြီးမှသာ အားကစား ပြိုင်ပွဲများ မူလအတိုင်း ပြန်ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အားကစားရုံတွင် ၂၀၂၀ နွေရာသီအိုလံပစ် လက်ဝှေ့ ပွဲစဉ်များလည်း လက်ခံ ကျင်းပမည် ဖြစ်သည်။

(၄) ချန်ပီယံ အများဆုံး ပြိုင်ပွဲ

One Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင်ဝိတ်တန်း အသီးသီး၌ ချန်ပီယံ ခါးပတ်များကို သိမ်းပိုက်ထားသည့် ကစားသမား စုစုပေါင်း ၁၀ ဦး ရှိသည့်အနက် ယခုပြိုင်ပွဲတွင် ငါးဦးအထိ ပါဝင်သောကြောင့် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံ အများဆုံး ပါဝင်သည့် ပြိုင်ပွဲတစ်ခုဟု ဆိုနိုင်သည်။ ယခုပြိုင်ပွဲတွင် ပါဝင်ထိုးသတ်ခဲ့သည့်ချန်ပီယံများမှာ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်၊ လိုက်ဝိတ်တန်း ချန်ပီယံ Eduard Folayang၊ ဘင်တန်ဝိတ်တန်း ချန်ပီယံ Kevin Belingon၊ အမျိုးသမီး စတောဝိတ်တန်း ချန်ပီယံ Xiong Jing Nan နှင့် အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ Angela Lee တို့ ဖြစ်ကြသည်။ချွင်းချက် အနေဖြင့် ကျန် ၄ ဦးက ၎င်းတို့ ချန်ပီယံ ခါးပတ်များကို ကာကွယ်ခြင်း ဖြစ်သော်လည်း Angela Lee မှာမူ စတော ၀ိတ်တန်းသို့ တန်းတက်ကာ ချန်ပီယံဆု ခါးပတ်ကို စိန်ခေါ်ခြင်း ဖြစ်သဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ချန်ပီယံဆု ဆုံးရှုံးခဲ့ခြင်း မရှိပေ။

(၅) Mighty Mouse နှင့် The Underground King ၏ပွဲဦးထွက်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကမှ One Championship နှင့် စာချုပ်ချုပ်ဆိုခဲ့သည့် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Demetrious “Mighty Mouse” Johnson နှင့် UFC တွင်ရော Bellator တွင်ပါ လိုက်ဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သူ Eddie “The Underground King” Alvarez တို့သည် ယခု ပြိုင်ပွဲတွင် ပထမဆုံး ပွဲဦးထွက် အဖြစ် ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြသည်။UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ၁၁ ပွဲ အထိ ကာကွယ်နိုင်ခဲ့သူ Johnson သည် အိမ်ရှင် ဂျပန်နိုင်ငံသား Yuya Wakamatsu နှင့် ဖလိုင်းဝိတ်တန်း ကွာတားဖိုင်နယ်ပွဲ ထိုးသတ် အနိုင်ယူခဲ့ကာ ခြောက်နှစ်အတွင်း ချန်ပီယံ စိန်ခေါ်ပွဲ မဟုတ်သည့် ပထမဆုံးပွဲ အဖြစ် ကစားခဲ့ခြင်းလည်း ဖြစ်သည်။ Alvarez မှာမူ ရုရှား နိုင်ငံသား Timofey Nastyukhin နှင့် လိုက်ဝိတ်တန်း ကွာတားဖိုင်နယ် ပွဲကို ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

(၆) မကျေပွဲ အများဆုံး ပြိုင်ပွဲ

ယခုပွဲ၏ ထူးခြားချက် တစ်ခုမှာ အဓိက ပွဲစဉ်များတွင် ပါဝင်ကစားမည့်သူအများစုသည် ယခင်က တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက် ပို၍ ဆုံတွေ့ခဲ့ကြ ဖူးသူများ ဖြစ်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ တွေ့ဆုံမှု များတွင် ချန်ပီယံ အပြောင်းအလဲ ဖြစ်စေသည့် ရလဒ်များ၊ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ ရသည့် ပွဲစဉ်များ အများအပြား ရှိခဲ့သဖြင့် ယခုပြိုင်ပွဲသည် မကျေပွဲ နွှဲသည့် ပြိုင်ပွဲ ဖြစ်ခဲ့သည်။ ယခင်က တွေ့ဆုံခဲ့ ဖူးသည့် ပြိုင်ဘက်များမှာ လိုက်ဝိတ်တန်းမှ Eduard Folayang နှင့် Shinya Aoki (Folayang က ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထား)၊ မစ်ဒယ်ဝိတ်တန်းမှ အောင်လအန်ဆန် နှင့် Ken Hasegawa (အောင်လအန်ဆန်က အလဲထိုးအနိုင်ရထား)၊ ဘင်တန်ဝိတ်တန်းမှKevin Belingon နှင့် Bibiano Fernandes (တစ်ယောက်တစ်ပွဲစီ အနိုင်ရထား)၊ Super Series ကစ်ဘောက်ဆင် ပွဲစဉ်မှ Andy Souwer နှင့် Yodsanklai Iwe Fairtex (Souwer က အမှတ်ဖြင့် အနိုင်ရထား) တို့ ဖြစ်ကြသည်။

(၇) ဂျပန်ကစားသမား အများဆုံး ပြိုင်ပွဲ

ဂျပန်မြေတွင် ကျင်းပသည့် ပြိုင်ပွဲ ဖြစ်သည်နှင့်အညီ ယခုပွဲစဉ်တွင်ဂျပန် နိုင်ငံသား ကစားသမား အများအပြား ပါဝင်လာပြီး One Championship ၏ သမိုင်းတစ်လျှောက် ဂျပန် ကစားသမား အများဆုံး ပွဲစဉ်လည်း ဖြစ်လာသည်။ ကနဦး စီစဉ်ထားသည့် ပွဲစဉ် စာရင်းတွင် ဂျပန် ကစားသမား ၅ ဦးသာ ပါဝင်ခဲ့သော်လည်း ဖလိုင်းဝိတ်တန်း ကွာတားဖိုင်နယ် ပွဲစဉ်တွင် Danny Kingad နှင့် ထိုးသတ်မည့် Andrew Leone က ဒဏ်ရာကြောင့် နှုတ်ထွက်သွား သဖြင့် Senzo Ikeda ကို အစားထိုး လဲလှယ်ခဲ့ရာ ၆ ဦး အထိ ရှိလာခဲ့သည်။ Ikeda သည် ဂျပန် အခြေစိုက် Pancrase ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံ ဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ One Championship နှင့် စာချုပ်ချုပ်ဆို ခဲ့သူဖြစ်သည်။ အခြား ဂျပန် ကစားသမား များမှာ လိုက်ဝိတ်တန်းမှ Shinya Aoki၊ မစ်ဒယ်ဝိတ် တန်းမှ Ken Hasegawa၊ ဖလိုင်းဝိတ်တန်းမှ Yuya Wakamatsu၊ အမျိုးသမီး အက်တမ်ဝိတ်တန်းမှ Mei Yamaguchi နှင့် Super Series ကစ်ဘောက်ဆင် ပွဲစဉ်မှ Hiroko Akimoto တို့ဖြစ်ကြသည်။ ၎င်းတို့အနက် Aoki နှင့် Yamaguchi တို့ နှစ်ဦးသာ အနိုင်ရခဲ့ပြီး ကျန် ၄ ဦးမှာ ရှုံးနိမ့်ခဲ့သည်။

(၈) ချန်ပီယံ နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု

ယခုပြိုင်ပွဲ၏ အဓိက ပွဲစဉ်များထဲမှ အမျိုးသမီး စတောဝိတ်တန်း ပွဲစဉ်တွင်ချန်ပီယံ တရုတ် နိုင်ငံသူ Xiong “The Panda” Jing Nam ကို လက်ရှိ အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ စင်ကာပူ နိုင်ငံသူ Angela “Unstoppable” Lee က တန်းတက်ပြီး စိန်ခေါ်သည့် ပွဲစဉ်လည်း ပါဝင်ခဲ့သည်။ အကယ်၍ စိန်ခေါ်သူ Lee ကသာ အနိုင်ရသွားလျှင် One Championship ၏ အမျိုးသမီးချန်ပီယံဆု နှစ်ခုစလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်သူ ဖြစ်လာမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာ ကတည်းက One Championship: Heart of the Lion ပွဲစဉ်တွင် ထည့်သွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း Lee ၏ ယာဉ်မတော်တဆမှုမှ ရသော ကျောဒဏ်ရာကြောင့် နောက်ဆုတ်ရွှေ့ဆိုင်း ခဲ့ရသည်။ ယခု တစ်ကြိမ်တွင်မှ ၀ိတ်တန်း နှစ်ခု၏ ချန်ပီယံ နှစ်ယောက် ပထမဆုံး ထိပ်တိုက်တွေ့ဆုံ ခဲ့ကြရာ Xiong က ပဥ္စမ အချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရပြီး ချန်ပီယံဘွဲ့ ကာကွယ်နိုင် ခဲ့သည်။

(၉) သက်တမ်း အကြာဆုံး မစ်ဒယ်ဝိတ် ချန်ပီယံ

အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လ အန်ဆန်သည် ပြိုင်ပွဲ ကျင်းပသည့် နေ့တွင် သူ၏ ချန်ပီယံ ခါးပတ်ကို ထိန်းသိမ်းသည့် ရက်ပေါင်း ၆၃၉ ရက် ပြည့်ခဲ့သည်။ အောင်လ အန်ဆန်သည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ကျင်းပခဲ့သော One Championship: Light of a Nation ပြိုင်ပွဲတွင် ရုရှား နိုင်ငံသား Vitaly Bigdashကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရကာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့သည်။ One Championship ပြိုင်ပွဲ သမိုင်းတစ်လျှောက် ယင်းချန်ပီယံ ခါးပတ်ကို ရရှိဖူးသူ စုစုပေါင်း ၃ ဦးသာ ရှိပြီး ပထမဆုံး ချန်ပီယံ Igor Svirid က ရက်ပေါင်း ၃၃၆ ရက် ထိန်းသိမ်း နိုင်ခဲ့သည်။ ဒုတိယမြောက်ချန်ပီယံ Bigdash က ရက်ပေါင်း ၆၃၃ ရက် ထိန်းသိမ်းနိုင်ခဲ့ရာ အောင်လ အန်ဆန်က ၆၃၉ ရက် ထိန်းသိမ်းပြီး သက်တမ်း အကြာဆုံး ချန်ပီယံ ဖြစ်လာခဲ့သည်။ အောင်လ အန်ဆန်သည် အဆိုပါ ချန်ပီယံ ခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခံရဖူးပြီး နှစ်ပွဲစလုံးကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ယခုပြိုင်ပွဲတွင် အောင်လအန်ဆန်သည် Hasegawa ကို အနိုင်ရပြီး သူ၏ ချန်ပီယံ ခါးပတ်ကို တတိယ အကြိမ် ကာကွယ်နိုင် ခဲ့သဖြင့် စံချိန်ကို ပိုမို သက်တမ်း ရှည်ကြာအောင် ဆက်လက် ထိန်းသိမ်းနိုင် သွားပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly