လူသိများ နာမည်ရလာတဲ့ ရေနံစိမ်ရေချိုးတဲ့ ကုထုံး

လူသိများ နာမည်ရလာတဲ့ ရေနံစိမ်ရေချိုးတဲ့ ကုထုံး

ဗားကူး၊ ဧပြီ ၁၂ ။     ။ ဆိုဗီယက်ပြည်ထောင်စုခေတ်ကစပြီး အဇာဘိုင်ဂျန်နိုင်ငံက နက်ဖ်တာလန်မြို့ငယ်လေးဆီ ရေနံစိမ်ရေချိုးဖို့ လူတွေက လာရောက်မှု များခဲ့ပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ရွှေမည်းဆိုတဲ့ ရေနံကို ကျန်းမာရေးကုထုံးတစ်ရပ်အဖြစ် အသုံးချကုသမှုပေးနေတဲ့ ဝန်ဆောင်မှုဟာ နာမည်ရနေပါပြီ။

၁၉ ရာစုလယ်က ရေနံသိုက်တွေကို တွေ့ရှိခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံဟာ ရေနံအများအပြား ပြည်ပတင်ပို့ စီးပွားရှာနေပေမယ့် နက်ဖ်တာလန်မြို့ငယ်လေးကတော့ ရေနံကို စီးပွားဖြစ် အသုံးမချပါဘူး။ ကျန်းမာရေးကုထုံးအဖြစ် အသုံးချနေတာဖြစ်ပြီး ရေနံစိမ်ရေချိုးခန်းတွေဟာလည်း ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။

ကိုက်ခဲနာကျင်မှု ဝေဒနာကြောင့် ရုရှားနိုင်ငံကနေ ရေနံစိမ်ကုထုံး လာရောက်ကုသမှု ခံယူသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး ဆူဖီယာကတော့ ဒီကုထုံးနဲ့ ကုသအပြီးမှာ ပိုပြီး နေလို့ထိုင်လို့ ကောင်းလာတယ်လို့ ဆိုပါတယ်။

ရေနံစိမ်ကုထုံးနဲ့ ကုသမှုခံတဲ့သူဟာ ရေချိုးဘေစင်ထဲဝင်နေရပြီး  ကိုယ်ခန္ဓာအပူချိန်ထက် ပိုပူတဲ့ ရေနံထဲမှာ ဆယ်မိနစ်ကြာအောင် မျက်နှာဖော်ရုံ စိမ်ထားရတာဖြစ်ပါတယ်။ “ဒါဟာ ဘုရားသခင်ရဲ့ လက်ဆောင်ပဲ။ ကျွန်မ ဒီကုထုံးနဲ့ ဆယ်ရက်လောက် ရေနံစိမ်ပြီးနောက်မှာ ကျန်းကျန်းမာမာ ပိုဖြစ်လာတယ်။”လို့ ဆူဖီယာက ပြောပါတယ်။

ရေနံစိမ်ရေချိုးတဲ့ကုထုံးကို ကြွက်သားတွေ၊ အရေပြားနဲ့ အရိုးကျန်းမာရေးအတွက် ကုသပေးသလို အာရုံကြောရောဂါတွေအတွက် ကုသလို့ ရတာဖြစ်ပါတယ်။

ဒဏ္ဍာရီတွေအဆိုအရ ရေနံတွင်းတစ်တွင်းနား သေအံ့ဆဲဆဲ ကုလားအုတ်တစ်ကောင် ပြန်လည်နာလန်ထူလာတာကို မတော်တဆတွေ့ရှိရာကစပြီး ရေနံစိမ်ကုထုံး ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly