အနုပညာ ဖန်တီးမှုများ လတ်လတ်ဆတ်ဆတ် ခံစားရမယ့် သစ္စာနန်းတော် ရုပ်ရှင်

အနုပညာ ဖန်တီးမှုများ လတ်လတ်ဆတ်ဆတ် ခံစားရမယ့် သစ္စာနန်းတော် ရုပ်ရှင်

ဧပြီ၊ ၁၁ ၊ ရန်ကုန် ။    ။ သစ္စာတရားအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားဟာ ရိုက်ကူးပြီး သုံးလ မပြည့်မီအချိန်အတွင်း ရုံတင်ခွင့်ရခဲ့တဲ့အတွက် အနုပညာဖန်တီးမှုများ လတ်ဆတ်မှုရှိတယ်လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။

“ကားတစ်ကားရိုက်ပြီး သုံးလအတွင်း ရုံတင်လို့ မရဘူးလား။ ကားတစ်ကားရိုက်ပြီး သုံးလအတွင်း ရုံတင်လို့ ရအောင် ကျွန်တော်တို့ သစ္စာနန်းတော်မှာ စပြီး ကြိုးစားပါတယ်။ ကားရိုက်ပြီးချိန်ကစပြီး အခုသုံးလ မပြည့်ခင် မှာပဲ ကျွန်တော်သစ္စာနန်းတော် ဇာတ်ကားလေးဟာ ပရိသတ်ရှေ့ကို ရောက်လာပါလိမ့်မယ်။ အနုပညာက လတ်ဆတ်မှုရှိသလို ပရိသတ်အတွက် အကောင်းဆုံးဖြစ်မယ့် ကားလေး ဖြစ်ပါတယ်” ဟု ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။

အဆိုပါဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ရွှေမှုန်ရတီ၊ ဆုမြတ်နိုးဦး၊ ကောင်းစစ် သွေး၊ ရဲမွန်၊ ရှင်ယွန်းမြတ်နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပြီး သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားအတွက် Red Carpert Show ကို ဧပြီလ ၁ဝ ရက်နေ့က ရန်ကုန်မြို့  ၊ ဂျန်းရှင်းစီးတီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ကိုယ်တို့ ရုပ်ရှင်လောကထဲ အဓိက ပြဿနာက ထုတ်လုပ်သူတွေက ရိုက်ချင်တဲ့ ထုတ်လုပ်သူတွေ အများကြီး ရှိတယ်။ မကောင်းဘူးလား။ ကောင်းအောင် ဘယ်လောက်ကုန်ကုန် ရိုက်မယ်ဆိုတဲ့ ထုတ်လုပ် သူတွေလည်း ရှိတယ်။ သူတို့ ရှာမရတဲ့ဆေးက ဘယ်တော့ ရုံတင်မှာလဲဆိုတဲ့ဆေး။ ဒါရုံရှင်တွေက ကြို မပြောနိုင်သရွေ့ထုတ်လုပ်သူတွေရဲ့ ရောဂါအတွက် ဆေးက မရှိဘူး။ အဲ့တော့ ဒီကားကတော့ အမြန်ဆုံး၊ အချိန်အတိုတွင်းမှာပဲ ရုံတင်ရတဲ့အတွက် ကိုယ်တို့တောင် အံ့သြတယ်။ ဒီကားမှ ဟုတ်ရဲ့လား။ ဟိုတလောကမှ ရိုက်တယ်ပေါ့နော်။ ဆိုတော့ သူတို့အများကြီး ကံကောင်းတယ်ပေါ့နော်။ ရုံရှင်တွေရဲ့ Choice ပါပဲ” ဟု သရုပ်ဆောင်လူမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားများကို ရုံတင်နိုင်ဖို့ နှစ်ကာလနှင့်ချီပြီး စောင့်ဆိုင်းရလေ့ရှိတဲ့အတွက် ပရိသတ်နဲ့ ရုပ်ရှင်ကားကြား အပ်စပ်မှုလျော့နည်းခြင်းများရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကား ကိုတော့ အချိန်တိုအတွင်းမှာ ရုံတင်နိုင်အောင်ကြိုးပမ်းခဲ့တယ်လို့ ဒါရိုက်တာဝင်းထွန်းထွန်းက ဆိုပါတယ်။

“ဒီကားမှာ ဘာအမှတ်တရရှိလဲဆိုတော့ ကျွန်တော်ရှေ့မှာ ရိုက်ပြီးတဲ့ ကားတစ်ကားက ရိုက်ပြီး ခြောက်နှစ် လောက်မှ ရုံတင်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ရိုက်ကူးထားတဲ့ အနုပညာနဲ့ ပရိသတ်နဲ့ ကြားထဲမှာ အပ်စပ်မှုနဲနဲလျော့သွားတယ်။ ဒီလို ရုပ်ရှင်တစ်ကားရိုက်ပြီး သုံးလအတွင်း ရုံတင်ခွင့်ရဖို့ဆိုတာ ပြသရေး System က လွဲမှားမှုရှိပါတယ်။ အဲ့လိုလွဲမှားမှုရှိနေတဲ့ ပြသရေး System ထဲမှာ ကျွန်တော်တို့ ဒီဘက်အုပ်စု ကနေ ကျွန်တော်တို့ကားကြီးကို ရုံတင်ခွင့်ပေးခဲ့တဲ့အတွက် ရုပ်ရှင်ရုံပိုင်ရှင်တွေအားလုံးကို ကျေးဇူးတင်ပါ တယ်” ဟု ၄င်းက ဆက်ပြောပါတယ်။

သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၁၇ ရက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly