လမ်းပြကြယ်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၂ ။         ။ လမ်းပြကြယ်ပါတီ ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌ လမ်းပြကြယ် ဦးအေးမြင့်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ယုံကြည်အားကိုးလေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -

ဤနေရာမှနေ၍ မိဘပြည်သူများကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်....

ကျွန်တော်ဟာ လမ်းပြကြယ်ပါတီ၏ ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌလမ်းပြကြယ် ဦးအေးမြင့်ဖြစ်ပါတယ်။ ကျွန်တော်၏ ပါတီမှ ကိုယ်စားလှယ်လောင်း ငါးဦး ဝင်ရောက်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရန်အတွက် စာရင်းတင်သွင်းထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်တွင် လမ်းပြကြယ်ပါတီကိုယ်စားလှယ်နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် လမ်းပြကြယ်ပါတီကိုယ်စားလောင်းနှစ်ဦးနှင့် ဖြူးမြို့နယ်မဲဆန္ဒနယ် တွင် လမ်းပြကြယ်ကိုယ်စားလှယ်လောင်းတစ်ဦး စုစုပေါင်း ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ထားပါသည်။

မိဘပြည်သူများမှ လမ်းပြကြယ်ပါတီကိုယ်စားလှယ်လောင်း ငါးဦးအပေါ်စိစစ်လေ့လာသုံးသပ်၍ ကြိုက်နှစ်သက်ပါက လမ်းပြကြယ်ပါတီ၏ကြယ်ကြီးတစ်လုံးအား ကြယ်ဖြူ၁၄ လုံး ဝန်းရံထားတဲ့ တံဆိပ်အမှတ်အားဘေးမှာရိုက်နှိပ်ပေးပြီး ကြိုက်နှစ်သက်ခြင်းမရှိပါက မိဘပြည်သူများ၏ဆန္ဒအတိုင်း တံဆိပ်တုံးမရိုက်ဘဲ လွတ်လပ်စွာ ပစ်ပယ်ထားနိုင်ပါတယ်လို့ပြောကြားလိုပါတယ်....

ကျွန်တော်တို့ပါတီကို မိဘပြည်သူများမှ မေးလိုတဲ့ မေးခွန်းရှိပါတယ်လို့ယုံကြည်ပါတယ်။ " အဲဒါကတော့ မင်းတို့ပါတီက တို့ကိုဘာတွေလုပ်ပေးနိုင်မလဲ''လို့ ကတိကဝတ်တောင်းဆိုချင်ပါလိမ့်မယ်ဟု ထင်ပါတယ်။ အဲဒီလို မေးလာတဲ့အခါ ကျွန်တော်တို့ပါတီက ပြန်လည်ဖြေကြားလိုတဲ့ စကားရပ်ကတော့''ကတိပေးခြင်း'' ဆိုတဲ့စကားရပ်မှာ ''ကတိပေးရလွယ်ကူသလို အကောင်အထည်ဖော်ရတာ ခက်ခဲပါတယ်''လို့ ပြန်လည်ဖြေကြားလိုပါတယ်....

လမ်းပြကြယ်ပါတီအနေဖြင့် မိဘပြည်သူများကို တင်ပြလိုသော စကားရပ်ကတော့ ''လွှတ်တော်ထဲရောက်သည့်အခါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ထုတ်ပြီး မိဘပြည်သူများဖြစ်စေလိုသောဆန္ဒကို ဥပဒေနှင့်အညီဖြည့်ဆည်းပေးပါမည်''ဟု ဤနေရာမှနေပြီး ကတိပေးပါတယ်.....ဒါကတော့ ပြည်ထောင်စုလွှတ်တော်အတွင်းသို့ လမ်းပြကြယ်ပါတီ ကိုယ်စားလှယ်တစ်ယောက်ကို မိဘပြည်သူများ ရောက်အောင်ပို့ပေးလိုက်သည်လို့လွှတ်တော်ထဲရောက်တဲ့အခါ ဘာတွေလုပ်ရမည်၊ ဘယ်အချက်တွေပြင်ရမည် စတဲ့လုပ်ငန်းတွေဟာ များပြားကျယ်ဝန်းလှပါတယ်။

''လွှတ်တော်တွင်း နိုင်ငံရေးသည် ပြင်ပနိုင်ငံရေး လုပ်ဆောင်သကဲ့သို့ လွယ်လင့်တကူလုပ်ဆောင်၍ မရပါ။ ဥပဒေစည်းကမ်း၊ နည်းလမ်းအတွက် သတ်မှတ်သဖြင့်ဘဝအတွေ့အကြုံ၊ လေ့လာမှုအား တက်ကြွသောစိတ်ထားဖြင့် ကြိုးစားလုပ်ဆောင်ရာတွင် လုပ်ငန်းနယ်ပယ်အသီးသီး၏ စည်းကမ်းနည်းလမ်းများ (ပြဋ္ဌာန်းဥပဒေ)များ၏ သဘောသဘာဝကို အဆင့်မြင့်ပညာဉာဏ်စွမ်းဖြင့် သုံးသပ်ဆုံးဖြတ် ရသော လွှတ်တော်တွင်း နိုင်ငံရေးဖြစ်သောကြောင့်ကိုယ်စားလှယ်လောင်းများ၏ အကျင့်သီလစာရိတ္တနှင့် ပညာဉာဏ်စွမ်းတို့ ပြည့်စုံဖို့လိုအပ်ပါတယ်...

တံတားကြီးတည်ဆောက်ပေးပါမည်၊ လမ်းမကြီးဖောက် လမ်းခင်းပေးပါမယ်၊ ခုတင် (၁၀၀၀)ဆံ့ ဆေးရုံကြီးဆောက်ပေးပါမည်ဟု ကတိမပေးနိုင်ပါ။''နိုင်ငံတစ်ခုလုံးနှင့်ဆိုင်ပြီး အများပြည်သူအကျိုးရှိသည့် ဆောင်ရွက်ချက်မျိုးကိုသာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်ဆောင်ရွက်ပါမည်ကတိစကားသာ ပေးနိုင်ပါတယ်...

ဒီအချိန်အခါမှ ကျွန်တော်တို့ လမ်းပြကြယ်ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်လောက်အောင် ကိုယ်စားလှယ်လောင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသေးပါ။ လမ်းပြကြယ်ပါတီအဖြစ် တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့သည့်။

ကာလမှာ အချိန်တိုပိုင်း လသားအရွယ်သာရှိသေးသောပါတီဖြစ်ပါတယ် ..

လမ်းပြကြယ်ဆိုတဲ့အမည်ကို မြန်မာတစ်ဝန်းလုံးက ကြားသိပြီးနားယဉ်ပြီးသား ဖြစ်ပါလိမ့်မယ်၊ ဒုကူ္ခနှင့် ရင်ဆိုင်နေရသော အလုပ်သမား၊ လယ်သမားကိစ္စများ၊ ကလေးစစ်သားကိစ္စများနှင့် တရားဥပဒေ အရိပ်ခို၍ပြည်သူလူထုကို မောက်မာစော်ကားခဲ့သည့် ကိစ္စများအတွက် အမှန်တရားဘက်ကရပ်တည်ပြီး အမှန်တရားကို ဖော်ထုတ်ခဲ့သဖြင့် ''မိဘပြည်သူများ အသိအမှတ်ပြုခဲ့လို့ဂုဏ်တင်ခဲ့သော အမည်'' ဖြစ်ပါတယ်...

လမ်းပြကြယ်အမည်ဖြင့် လွှတ်တော်ပြင်ပကနေ ပြောင်းလဲလိုသောအရွေ့တစ်ခုကိုကြိုးစားနေခြင်းဟာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသဖြင့်ရင်းနှီးခဲ့ရသော အတွေ့ကြုံများအရ တရားဝင်ပါတီမှတ်ပုံတင်ပြီး တရားဝင်ပြောခွင့်ဆိုခွင့်ရသော ''ပြည်ထောင်စုလွှတ်တော်'' အတွင်း ဝင်ရောက်ပြီးမိမိတို့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ရန်အတွက် ရွေ့လိုသောရွေ့ခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆသဖြင့် ''ကျွန်တော်နှင့် ကျွန်တော့်ကိုယုံကြည်လေးစားအားကိုပြီး အကူအညီပေးနေသော လမ်းပြကြယ်အဖွဲ့ဝင်များ စုပေါင်းပြီး လမ်းပြကြယ်ပါတီကို တရားဝင်ပါတီ'' အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်....

ဒီမိုကရေစီကို အများစုလိုလားကြပါတယ် ''လိုချင်တော့ ခြင်္သေ့ဆီခပ်နေတာက အုန်းမှုတ်ခွက်___ တောင်းဆိုသူကလည်း အုန်းမှုတ်ခွက်ဘဝမှရွှေခွက်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ပါတယ်....

မြန်မာ့နိုင်ငံရေးကို အခြေခံလူတန်းစားဖြစ်သော တောင်သူလယ်သမား၊အလုပ်သမားများက သူတို့တွေ့ကြုံဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများအရ တစ်စတစ်စ နားလည်သဘောပေါက်လာခဲ့သဖြင့် ''နိုင်ငံရေးသမား''(သို့) အစိုးရကို ရဲရဲတောက် အတိုက်အခံပြု ဆန့်ကျင်ခဲ့သော ''နိုင်ငံရေးသူရဲကောင်း'' များကို အယုံအကြည်မရှိ အားမကိုးရဲတော့ဘဲ ကိုယ့်မိသားစုအရေးကို ကာကွယ်ရင်း စိတ်မော လူမောနှင့် ကြားက ပွဲကြည့်ပရိသတ် သဖွယ် ထိုင်စောင့်ကြည့်နေသော ကာလဆိုတာ လမ်းပြကြယ်ပါတီကနားလည်းပါတယ်…

မှန်ပါတယ် လူထုကြားထဲ လမ်းပြကြယ်တွေက လမ်းလျှောက်နေကြတော့ သိလာရတယ်။ မိဘပြည်သူများက လေ့လာဆန်းစစ်တဲ့နေရာမှာ " အမတ်လောင်း'' ဟာ "နိုင်ငံရေးသမားလား'' ဒါမှမဟုတ် " နိုင်ရင် ပြောထားတဲ့ ကတိကိုမတည်ဘဲ မိသားစုကောင်းကျိုးအတွက် စဉ်းစားမလား''  ဆိုတာ မျက်လုံးဒေါက်ထောက်ပြီး ခွဲခြားနေကြပြီ၊ ဒါက လမ်းပြကြယ်ပါတီမှ ကိုယ်စားလှယ်လောင်းများ ကောင်းစွာ နားလည်ကြပါတယ်၊ ကျွန်တော့် အသက်အရွယ်အားဖြင့် တတိယအရွယ်ဖြစ်ပြီး တဖြည်းဖြည်းနှင့် လုပ်ကိုင်နိုင်စွမ်း ကျဆင်းလာမည်ဖြစ်သဖြင့် လူငယ်၊ လူလတ် ပါတီဝင်များကို လွှတ်တော်အတွင်း ဝင်ရောက်ပြီး စနစ်တကျ နိုင်ငံရေးပြုလုပ်နိုင်ရန်အတွက် ပါတီဗဟို ကော်မတီဥက္ကဋ္ဌအဖြစ် ရပ်တည်ပြီး အလားအလာရှိပြီး အရည်အချင်းရှိသော လူငယ်၊ လူလတ် ကိုယ်စားလှယ်လောင်း ငါးဦးကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းသာဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်စရိတ်ကိုယ်စိုက်ပြီး မိမိမွေးဖွားကြီးပြင်းရာ မြို့နယ်တွေမှာ သတ္တိရှိရှိ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်....

အိမ်ကွင်းမှာ မကန်ဘဲ အဝေးကွင်းထွက်ကန်လိုသော ကိုယ်စားလှယ်လောင်းများကို လက်မခံပါ။ ၂၀၁၀ ခုနှစ်၊၂၀၁၂ ခုနှစ် ရွေးကောက်ပွဲများ အတွေ့အကြုံများအရ ရွေးကောက်ပွဲ ကာလတုန်း ကတော့ ခေါင်းပေါင်းစ တထောင်ထောင်နှင့် ဟိုဟာပေး၊ ဒီဟာပေးမည်ပြောပြီး အမတ်ဖြစ်ရေးမျက်နှာချိုသွေးပြီး အမတ်/ ဝန်ကြီးဖြစ်သွားတဲ့အခါ မိမိမဲဆန္ဒနယ်ကိုပြန်မရောက်လာတဲ့ ''ဘုရားကိုပဲရွေ့ချ ဖို့ကြိုးစားပြီး ဘုရားရှေ့က ခြင်္သေ့ကို ထုံးသုတ်ရန် မေ့သောအမတ်လောင်း'' မဟုတ်ကြောင်း ကျွန်တော်တို့ ပါတီက ကတိပေးနိုင်ပါတယ်....

နိုင်ငံရေးသမားတွေပြောနေတဲ့ "မဲစာရင်းနှင့်ပတ်သက်လို့'' ပြည်ထောင်စုကော်မရှင်က စနစ်တကျလုပ်ပေးနေတာ အတွင်းကျကျလေ့လာလျှင်တွေ့မြင်နိုင်ပါတယ်။ နောက်လာမည့် အနာဂတ်ရွေးကောက်ပွဲ များအတွက်စနစ်တကျဖြစ်အောင် လုပ်ထားခြင်းဖြစ်ပါတယ်ဆိုတာ လမ်းပြကြယ်ပါတီက ကော်မရှင်ကိုယ်စား အာမခံသလို ကော်မရှင်နာ တမင်မှားအောင်လုပ်ထားပြီး ဘက်လိုက်သည့် အထောက် အထားတွေ့ခဲ့ရင် ဥပဒေအရတရားပြန်စွဲမှာဖြစ်ကြောင်း အာမခံကတိပေးပါတယ်....

နောက်ဆုံးအနေဖြင့် မိဘပြည်သူများ ကျွန်တော်ပါတီဥက္ကဋ္ဌအနေဖြင့် အထူးတင်ပြပြီး ပြောလိုသောစကားကတော့ ''လမ်းပြကြယ်ပါတီမှကိုယ်စားလောင်းများကို မဲပေးပါလို့ မတောင်းဆိုလိုပါ၊ ခိုင်းကြည့်ပါလို့ပဲပြောချင်ပါတယ်'' မဲရုံကို ကိုယ်တိုင်သွားရောက်မဲထည့်ကြပါ၊ မထည့်ဘဲနေခြင်းသည် အစိုးရကောင်းမရအောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်……

နောက်တစ်ခုထပ်ပြောလိုတာတော့ နိုင်ငံရေးသိပ္ပံသဘောတရားအရလူထုနှင့် ထိုက်တန်သော အစိုးရသာရမှာ ဖြစ်တဲ့အတွက် " မိဘပြည်သူများ၏ မဲဆန္ဒပေးမှုသည် မျောက်လက်ထဲ စက်သေနတ်အပ်လိုက်သော မဲပေးမှုမျိုးမဖြစ်ပါစေနဲ့လို့'' ပြောကြားရင်း မိဘပြည်သူများအားလုံး မိသားစုအတူတကွ လွတ်လပ်ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ် ပါတယ်....။

လမ်းပြကြယ်ပါတီ

 ၁။  ပါတီအမည်  -  လမ်းပြကြယ်ပါတီ
 ၂။  ပါတီအမည်(English)  -  Guiding Star Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၈.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးအေးမြင့် ပါ (၁၇)ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအေးမြင့်၊ ဦးထွန်းနိုင် (ခ) ဦးတိုးနိုင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၃.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၅.၃.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၀.၅.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၈၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၅၃၆)၊ (၆) လမ်း၊ အလင်းရောင် (၁) ရပ်ကွက် (၁) ရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉ - ၄၂၈၁ ၆၈၂၉၇ (ဦးခင်ဇော်)၊ ၀၅၄ - ၄၀၀၂၂ (ဖက်စ်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly