သင်္ကြန်ရက် နီးလာသော်လည်း မကွေး ရန်ပယ်စျေးတွင် အရောင်းအဝယ်များ ကျဆင်း

သင်္ကြန်ရက် နီးလာသော်လည်း မကွေး ရန်ပယ်စျေးတွင် အရောင်းအဝယ်များ ကျဆင်း

မကွေး၊ ဧပြီ ၁၁ ။     ။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ရက်နီးသော်လည်း မကွေးမြို့နယ်အတွင်းရှိ  ရန်ပယ်စျေးတွင် စျေးအရောင်းအဝယ်ပါး နေကြောင်း စျေးသည်များထံက သိရသည်။

“နှစ်စဉ် အခုလိုသင်္ကြန်ကာလနီးပြီဆို အရောင်းအဝယ်ကောင်းခဲ့တယ်။ ဒီနှစ်စိုက်ပျိုးရာသီတွေမှာ တောင်သူ တွေ လုပ်ငန်းမကောင်းခဲ့တဲ့အတွက် ဒီနှစ်သင်္ကြန်မတိုင်ခင်ကာလမှာ တောင်သူတွေ အလာနည်းတော့ အရောင်းအဝယ်ပါးနေတယ်” ဟု စျေးသည်ဒေါ်မာခင်က ပြောသည်။

မကွေးမြို့တွင် မြို့မစျေးကြီး၊ ကန်သာစျေး၊ ရန်ပယ်စျေး၊ ရန်ကင်းစျေး ဟူ၍ စျေး (၄)ခုရှိပြီး ရန်ပယ်စျေးမှာ ကျေးလက်တောင်သူများ အဓိကအားထားဝယ်ယူကြသည့် စျေးတစ်ခုဖြစ်သည်။ အဆိုပါစျေးတွင် သင်္ကြန် ကာလအတွင်း သွားရေးလာရေး အခက်အခဲကြောင့် တောင်သူများအနေနှင့် အခြေခံစားသောက်ကုန်များကို ကြိုတင်ဝယ်ယူလေ့ရှိကြောင်း သိရသည်။

 “ကျေးရွာတွေနဲ့ဆက်ပြီးရောင်းချကြရတဲ့ စျေးတစ်ခုအနေနဲ့ ကျေးလက်တောင်သူတွေ စိုက်ပျိုး သီးနှံ အထွက်ကောင်းမှ အရောင်းအဝယ်ကောင်းတာပါ။ မကွေးမြို့နယ်က တောင်သူတွေအနေနဲ့ မိုးဦး၊ မိုးနှောင်း နှစ်ရာသီလုံးမှာရာသီဥတု ဖောက်ပြန်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် သီးနှံအထွက်နှုန်း နည်းခဲ့ပါတယ်။ တောင်သူ တွေအဆင်ပြေမှုနည်းတဲ့နှစ်မို့ရောင်းအားကျဆင်းရတာပါ” ဟု စျေးသည်တစ်ဦးဖြစ်သည့် မစောဌေးဝင်းက ပြောသည်။

ရန်ပယ်စျေးတွင် အရောင်းအဝယ်ပါးသော်လည်း သင်္ကြန်ကာလနီးလာသောကြောင့်  အခြေခံစားသောက် ကုန်များ စျေးနှုန်းအနည်းငယ်မြှင့်တက်မှုရှိကြောင်း သိရသည်။

“အရင်နှစ်တွေက သင်္ကြန်နီးရင် လိုအပ်တာတွေ ရန်ပယ်စျေး သွားဝယ်တယ်။ ဒီနှစ် စိုက်ပျိုးသီးနှံ အထွက် နည်းတယ်။ ကုန်စျေးနှုန်းတွေကလည်း စျေးတက်လာတော့ အဓိကလိုအပ်တဲ့ ဆန်လောက်ပဲ ဝယ်နိင်တယ်” ဟု မကြီးကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required