ဘန်ကောက်ရှိ စင်ထရယ်ဝေါလ်ရှော့ပင်းမောလ် မီးလောင်၍ နှစ်ဦး သေဆုံး

ဘန်ကောက်ရှိ စင်ထရယ်ဝေါလ်ရှော့ပင်းမောလ် မီးလောင်၍ နှစ်ဦး သေဆုံး
PHOTO: Orchidmo

ဘန်ကောက်၊ ဧပြီ ၁၀ ။         ။ ထိုင်းနိုင်ငံ ဘန်ကောက်က လူအစည်ကားဆုံးနဲ့ နာမည်အကြီးဆုံး ရှော့ပင်းမောလ်တွေထဲက တစ်ခုဖြစ်တဲ့ စင်ထရယ်ဝေါလ် ရှော့ပင်းမောလ်မှာ ဧပြီ ၁၀ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး လူနှစ်ဦး သေဆုံးကာ တစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာ ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ညနေ ခြောက်နာရီ ဝန်းကျင်မှာ စင်ထရယ်ဝေါလ်ရှော့ပင်းမောလ်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ အီရာဝန်ဆေးဝါအရေးပေါ်စင်တာမှ ပြောခွင့်ရသူတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

“လူတစ်ဦးကတော့ နေရာမှာပဲ သေဆုံးတာဖြစ်တယ်။ နောက်တစ်ဦးက အနီးက ဆေးရုံမှာ သေဆုံးခဲ့တာပါ။”လို့ ၎င်း ပြောခွင့်ရသူက ဆိုပါတယ်။ အခြားသတင်းတွေမှာတော့ ဆေးရုံမှာ သေဆုံးသူက နှစ်ဦးရှိတယ်လို့ ဖော်ပြပါတယ်။
ရှော့ပင်းမောလ်အဆောက်အအုံကနေ မီးခိုးတွေ လိမ့်တက်နေတာကို လူမှုမီဒီယာတွေပေါ်မှာ ဓာတ်ပုံတွေ ပြန့်နှံ့လျက် ရှိနေပါတယ်။

မီးအချက်ပေး ဥသြသံတွေ ဆူညံစွာ ပေါ်ထွက်နေပြီး ရှော့ပင်းမောလ်က အလုပ်သမားတွေဟာလည်း အပြင်မှာပဲ ရပ်နေကြပါတယ်။

“စင်ထရယ်ဝေါလ်မှာ မီးလောင်တာကို ထိန်းချုပ်နိုင်ရေး မီးသတ်သမားတွေက ကြိုးစားပမ်းစာ မီးငြှိမ်းသတ်နေပါတယ်။”လို့ ရဲဌာန ပြောခွင့်ရသူက ဆိုပါတယ်။

သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ၎င်းက နှစ်ဦး၊ သုံးဦးလောက် ရှိနေလိမ့်မယ်လို့ နောက်ပိုင်းမှာ ဖြည့်စွက်ဆိုပါတယ်။

မီးဟာ ရှစ်လွှာကနေ စတင်လောင်ကျွမ်းတာ ဖြစ်ပုံရကြောင်း၊ ဒါပေမယ့် မီးကို ထိန်းချုပ်ထားနိုင်ပြီး လူတွေကိုလည်း ရွှေ့ပြောင်းပေးထားကြောင်း ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီ ရှော့ပင်းမောလ်ဟာ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး မိသားစုတစ်စု ထိန်းချုပ်တဲ့ စင်ထရာယ်ဂရုက ပိုင်ဆိုင်တဲ့ ရှော့ပင်းမောလ်ပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required