သင်္ကြန်ကာလတွင် ပြစ်မှုများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်နေ

သင်္ကြန်ကာလတွင် ပြစ်မှုများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်နေ
ဓာတ်ပုံ - စိုးသူအောင်

ဧပြီ၊ ရန်ကုန် ။     ။ မကြာမီအချိန်တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလတွင် ပြစ်မှုများ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ဗဟန်းမြို့မရဲစခန်းမှ  ရဲမှူးကြီး သိန်းဝင်းက ဧပြီလ ၁ဝရက်နေ့တွင် မဇ္စျိမကို  ပြောသည်။

"သင်္ကြန်မှာ ထပ်ပြီးတော့ ပြစ်မှုတွေ ဖြစ်လာမှာ စိုးလို့။ အဓိကကတော့ ကြိုတင် ကာကွယ်မှုတွေ များများ လုပ်ထားနိုင်ကာမှ ဒီသင်္ကြန်မှာ အများပြည်သူပျော်ပျော်ရွှင်ရွှင်သွားတဲ့အခါကျတော့ အနှောက်အယှက် ကင်းဝေးမှာပေါ့။ သင်္ကြန်မှာ အများပြည်သူ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်သွား မှာပေါ့" ဟု ၄င်းက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူပိုင်နေရာများ၌ အရက်သေစာသောက်စားရမ်းကားမှုများ၊ ခိုးဆိုး ခါးပိုက်နှိုက်မှုများကို အရေးယူဖမ်းဆီးလျက်ရှိပြီး  လွန်ခဲ့သော၃လ(ဇန်နဝါရီလ)လောက်ကတည်းက အရေးယူ ဖမ်းဆီးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။     

"မူးယစ်ပြီး ရမ်းကားနေတာတွေ၊ ခါးပိုက်နှိုက်တာတွေ ဖမ်းသွားမယ်။ ခုထဲက ကျွန်တော်တို့ ကြိုဖမ်းနေပါတယ်။ ကျွန်တော်တို့ ၃ လရှိသွားပါပြီ ကြိုလုပ်နေတာ။ ကြိုပြီး လုပ်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ အများပြည်သူ နေထိုင်တဲ့ နေရာတွေမှာ အရက်သေစာတွေ သောက်စားလို့ မရဘူး။ နဂိုကတည်းက စည်ပင်အက်ဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ အရက်သေစာသောက်စားရမ်းကားတဲ့သူတွေကို ဖမ်းတယ်။ ခါးပိုက်နှိုက်တွေကို ကြိုပြီးတော့မှ ဖမ်းတယ်" ဟု ရဲမှူးကြီး သိန်းဝင်း က ပြောသည်။

ထိုကဲ့သို့ ကြိုတင်ဖမ်းဆီးအရေးယူမှုများကို ယခင်နှစ်များကလည်း လုပ်ဆောင်ခဲ့ပြီး ယခုနှစ်တွင်လည်း  ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ၌ ရဲတပ်ဖွဲ့ဝင်များကို တာဝန်ချထားသွားမည်ဟု သိရသည်။

"ချထားတဲ့ နေရာတွေကတော့ မဏ္ဍပ်ရှိတဲ့ နေရာတွေ တွေပေါ့ဗျာ။ ရွှေဂုံတိုင်လမ်းမကြီးရှိတယ်။ ဦးချစ်မောင် လမ်း ဒါပါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာတော့ မဏ္ဍပ်လုံးဝမရှိပါဘူး။ အင်အားကတော့ ဒီတိုင်းပါပဲ။ မနှစ်က အင်အားနဲ့ ဒီနှစ်အင်အားကတော့ မကွာပါဘူးဗျာ။ အတူတူပါပဲ" ဟု ၄င်းက ပြောသည်။

၂ဝ၁၉ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို လမ်းလျှောက်သင်္ကြန်များ၊ ရေကစားမဏ္ဍပ်များနှင့် ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်တာကျင်းပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly