ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး KNU နှင့် NRPC တို့အလွတ်သဘောတွေ့ဆုံမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး KNU နှင့် NRPC တို့အလွတ်သဘောတွေ့ဆုံမည်
Photo - KNU

ရန်ကုန်၊ ဧပြီ ၁၀ ။     ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များကို ရှေ့ဆက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အစိုးရ၏ NRPC မှတာဝန်ရှိသူတို့ နေပြည်တော် တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားရန်ရှိနေသည်။

လာမည့် ဧပြီလ ၁၁ ရက်နေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) ရုံးတွင်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း KNU ဘက်မှထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲတွင် KNU အနေဖြင့် တရားဝင်ဆွေးနွေးပွဲများတွင်ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းထားရသည့် အခြေခံ အကြောင်းတရားများအပြင် ရှေ့ဆက်လုပ်ဆောင်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ် များကို မည့်သည့်ပုံစံဖြင့်သွားမည်ဆိုသည့် သဘောထားများကိုပါ ချပြဆွေးနွေးသွားမည်ဟု KNU မှ ဧပြီ ၁၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အစိုးရ NRPC မှတာဝန်ရှိသူများနှင့် KNU ဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ပဒိုစော လှထွန်း၊ ပဒိုစောဆဲဂေ တို့အပြင် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးချုပ် စော တာမလာသောနှင့် ဗိုလ်မှူးစာတာမူလာတို့ ပါဝင်ကြကြောင်းသိရသည်။

ထို့အပြင် လက်ရှိမြေပြင်မှာဖြစ်ပွားနေသော တပ်ပိုင်းဆိုင်ရာအငြင်းပွားမှုများ၏ အခြေခံအကြောင်းတရားများကို အဖြေရှာပြီး တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများဖြစ်ပေါ်လာနိုင်ရေးကို ရည်ရွယ်ကာ ၁၂ ရက်နေ့တွင် တပ်မတော် ဘက်မှ တပ်ပိုင်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ ဆုံဖို့ရန်လည်း KNU ဘက်မှအဆိုပြုထားသည်။

၂၀၁၈ ခုနှစ်အတွင်း တပ်မတော်ဘက်မှ တင်သွင်းလာသည့်အချက်တစ်ချို့ကြောင့် NCA ရေးထိုးပြီး အကောင် အထည်ဖော်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချို့တစ်ဆို့ကာ KNU အဖွဲ့သည် တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှု ရပ်ဆိုင်းခဲ့ခြင်းလည်းဖြစ်သည်။

သို့သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုရေးထိုးထားပြီး နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာလှုပ်ရှားခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly